“ အလကားနတ်အိုးကွဲတွေ ချီးကော်မဖြစ် ပဲလှော်မဖြစ်ကောင်တွေတစ်ယောက်မှ သုံးစားမရဘူး”
“ ဟိုမရောက်ဒီမရောက် ဇော်ကန့်လန့်တွေဆိုတာ ငါ့သားသမီးတွေကိုပြောတာ
ငါကတော့ အပင်ပမ်းခံပြီး ပညာတွေသင်ပေးလိုက်ရတာ တစ်ယာက်မှ ထွန်းထွန်းပေါက်ပေါက်
မရှိဘူး။ရွာကကောင်တွေနဲ့ ဘာထူးသေးလဲ မင်းတို့လုပ်နေတဲ့ အလုပ်လောက်တော့
ပညာမတတ်တဲ့ ရွာသားတောင်လုပ်လို့ရတယ် ”
“ ဖိုးသင်းမျောက်တွေ ငါ့မှာတော့ စိတ်ကူးတွေယဉ်လိုက်ရတာ ... သားသမီးတွေ
ပညာတတ်ကြီးတွေ၊အရာရှိကြီးတွေ ဖြစ်ရင်ဆိုပြီးတော့ ... တကယ်တမ်းလည်းကျရော
အ၀ှာဖြဲပြတယ်ဆိုတဲ့ ဖိုးသင်းမျောက်တွေ ”
အဲဒါ အဖေ့လက်သုံးစကားတွေပေါ့ ။မူးလာပြီဆိုရင် ကျနော်တို့ ညီအကိုမောင်နှမ
တွေ ကလေးလို ကိုယ်ဘာလုပ်တယ်ဆိုတာ မတ်တပ်ရပ် ၊လက်ပိုက်ပြီးပြောပြရပါတယ်။
“ဟေ့ကောင် မင်းအကြီးဆုံး ကျောင်းလည်းပြီးပြီ မင်းဘာလုပ်လည်း ”
“ ကျဘမ်း ”
“ အေးငါမျှော်လင့်ထားတာ ငါလုပ်စေချင်တာ အဲဒါမဟုတ်ဖူး ” ဆိုတာမျိုး
“ အလတ်ကောင် ခု မင်းဘာလုပ်လည်း ”
“ တွန်းလှည်းနဲ့ အသီးလည်ရောင်းပါတယ် ”
“ မင်းအောက်က အငယ်တွေက ဘွဲ့ရပြီးပြီး မင်းက ဒုတိယနှစ်နဲ့ရပ်နေတယ် ငါသားသမီးထဲ
အဲဒီလိုကောင်တစ်ကောင်မှ မပါစေရဘူး ”
အဖေက အဲဒီလိုမျိုးရယ်။ နောက်ပြီး အကြောင်းအမျိုးမျိုးပြပြီး တစ်ယောက်ယောက်တော့ ရိုက်ဖြစ်အောင်ရိုက်လိုက်သေးတာပေါ့။
“ ဟေ့ရောင် မင်းက အကြီးလုပ်နေပြီး ဘာတွေလျှောက်လုပ်နေတာတုန်း။ ငါအပင်ပမ်း ခံပညာ သင်ပေးခဲ့ တာတွေက ကြုံရာကျဘမ်း အလုပ်လုပ်ဖို့ မဟုတ်ဖူးကွ”
“ အာ .. အဖေကလည်း အခုအားလုံးအဆင်ပြေနေပြီပဲ ။ ဘာလုပ်လုပ်ပေါ့ ။
အခုစီးပွားရေးအဆင်ပြေတော့ အဖေစိတ်မချမ်းသာဘူးလား ။ ကျနော်တို့လည်း
သူများ ပစ္စည်းခိုးနေတာမှ မဟုတ်ပဲ ”
“ ဟေ့ကောင် .. မင်းကအခုမှ ပိုက်ဆံရှာတတ်တယ် ခွေးစကားပြောတတ်နေပြီပဲ ။ငါပြော တာပဲ
နားထောင် မင်းကငါ့သား ။ ငါမှားနေလည်း ငါအဖေဖြစ်တဲ့ အတွက် မင်းနားထောင် ရမှာပဲ ။မင်းတို့
သားသမီး(၆) ယောက်လုံးကို တစ်ယောက်မှ မသေမပျောက်မကျိုးမပဲ့ပဲ ပညာတွေသင်ပေးခဲ့တာ ”
“ ဟုတ်တယ်လေ ... အခု အားလုံး အလုပ်ကိုယ်စီနဲ့ အဆင်ပြေနေကြပြီလေ .. အဖေရ
အဖေဘာမှ လုပ်စရာ မလိုတော့ဘူး။ခု ကျနော်ဦးဆောင်ပြီး လုပ်နေတာပဲ အဖေနားပေါ့ ။
ဘုန်းကြီးကျောင်းလေးသွားလိုက် တရားဓမ္မလေးဘာလေး လုပ်လို့ ရပြီပဲ ။အဖေမှာဘာလိုသေးလဲ ”
“ဟေ့ရောင် ငါ ဘာလုပ်လုပ်အရေးမဟုတ်ဖူး မင်းတို့လို ပညာတွေသင်ထားပြီး အဆင့်အတန်းရှိရှိ အလုပ်တစ်ခုမရှာနိုင်ဘူး။ငါ့သားသမီးတွေ အားလုံး တစ်ယောက်မှ သုံးစားမရဘူး ။အကိုကြီး အဖအရာတဲ့
မင်းအသုံးမကြလို့ ဒီလိုဖြစ်တာ ။ ငါရှာပေးတဲ့ ချည်မျှင်နဲ့အထည်မှာလုပ်ရင် အားလုံးဝန်ထမ်းဖြစ်ကုန်ပြီ အခုတော့ ............ ”
“ ကျနော့ပညာကရော ဘယ်လောက်ရှိလို့လည်း။နောက်ပြီး ဘွဲ့ရပညာတတ်တွေ အားလုံး ဒီလိုပဲ ကြုံရာကျဘမ်းလုပ်နေရတာ အဖေမမြင်ဘူးလား။ အဓိက က အဆင်ပြေဖို့ အရေး ကြီးတာပဲ ။အဖေသွင်းပေးတဲ့ဆီမှာလုပ်ရင် လစာလေး တစ်ပဲခြောက်ပြားနဲ့ ဒီကောင်တွေကို ပညာသင်ပေးနိုင်မယ်ထင်လို့လား ”
“ အောင်မာ စကားတော်တော်တတ်နေပါ့လား .... ဖအေကိုပြန်ပြီး ခွေးစကားတော် တော်ပြောတတ်နေပါ့လား ”
ဆိုပြီး အဖေကျနော်ကိုထိုးပါတယ် ။အမေက၀င်ဆွဲတော့ အမေကိုလည်း ငါ့သားသမီးတွေအသုံးမကျအောင်လုပ်တယ်ဆိုပြီး ထိုးပါလေရော ။ညီအကိုတတွေ အားလုံးမနည်းဝိုင်း ဆွဲယူရတယ်။
အဖေအရက်တွေနေ့တိုင်းသောက်ပြီး မိသားစုကို သူ့စကားနားထောင်ဖို့ အမေကအစ
အငယ်ဆုံးထိ သားသမီးတွေ အသုံးမကျကြောင်း ခဏခဏပြောလာတယ်။ အမေ့ကို နင်လည်းနင့်သား
တွေနဲ့ တကြိတ်ထဲ တစ်ဥာဏ်ထဲလို့ ပြောပြောပြီးအပြစ်ရှာလာတယ်။ အမေကတော့ မိသားစု တက်ညီလက်ညီ အလုပ်လုပ်ကြလို့ စီးပွားရေးအဆင်ပြေလာတော့ ပျော်တာပေါ့။နို့မဟုတ်ရင် ညဈေးပြေးဈေးရောင်းလိုက် မိသားစု အလုပ်တွေလုပ်လိုက်နဲ့ ပင်ပမ်းနေ ရတယ်။အခုတော့ သက်သာရာ ရသွားတာပေါ့။ အဖေကတော့ ..............
.................................................
နောက်နှစ်ရက်သုံးရက်နေတော့ ညီကိုတစ်တွေ အားလုံးစုလိုက်ပြီး ...........
“ ကဲ ... ငါပြောမယ်ကွာ အဖေ ဘာတွေ အလိုမကျ ဖြစ်နေတယ်မသိဘူး ပြဿနာ
တော်တော်ရှာလာတယ်။ငါတို့စေတနာကို နားမလည်ဘူး။အခုဆို ငါတို့ တက်ညီ လက်ညီလုပ်ကြွေးနေတဲ့
စေတနာ ကိုနားလည်ဖို့ ကောင်းပါတယ်ကွာ ။ အခုတော့ ....”
“ အဲဒါတွေထားစမ်းပါ အကိုရာ ... အခုအကို ဘာလုပ်ချင်လည်းပြော ....” ညီညီက စိတ်မရှည်သလို ၀င်ပြောတော့........
“ ဟ .. ငါက ဘာလုပ်ရမှာလည်းကွ .. အဖေဘာဖြစ်နေမှန်း မသိလို အဖြေရှာနေတာ .... ”
“ နောက်မိန်းမ ... ယူချင်လိုများလားမှ မသိတာအကိုကလည်း .... ” လို့ အလတ်ကောင်က ၀င်နောက်ပါတယ် ။
“ အေးအေး နေစမ်းပါကွာ ဒီမှာစိတ်ညစ်ရတဲ့ အထဲ မင်းကတစ်မှောက် ”
“ စိတ်ညစ်နေလို့ အပိုပဲ ။ ဒီပြဿနာ ရှင်းကို ရှင်းမှ ဖြစ်မှ မိသားစု ခုလိုစိတ်မချမ်းမသာ ဖြစ်နေတာ လာဘ်မရှိဘူး ”
“ အကိုကလည်းဗျာ ၊ အဖေကို သူပြောချင်ရာပြေပါစေ ထားလိုက်ပါ။အဖေစိတ်လည်း အကိုသိရဲ့သားနဲ့ ။
ကျွန်တော်တို့လို လယ်သမားသားက လယ်ထဲဘယ်သူ ဆင်းဘူးတုန်း ။ အဖေက သူ့သားတွေ အဲဒီလိုမျိုးဖြစ်တာကို ဂုဏ်ယူခဲ့တာလေ အကိုမေ့နေပြီလား ”
“ မမေ့ပါဘူးကွာ ၊ ခုလိုကြီးကြတော့ ဘယ်သူစိတ်ချမ်းသာနိုင်မှာတုန်း ”
“ အဖေက ငါတို့ကို ဖြစ်စေချင်တဲ့ စိတ်ကြောင့် ခေတ်ကြီးကို မေ့သွားပြီကွ ၊ ငါတို့ကိုတိုင်ကလည်း ၊ ၁၀တန်းအောင်၊ဘွဲ့ရရုံကလွဲပြီး ဘာများ ဖြစ်ဖြစ်မြောက်တတ်ခဲ့လို့လည်းကွာ ”
“ ဒါတော့ ဒါပေါ့ဗျာ ၊ အခုနေ အဖေစိတ်ချမ်းသာအောင် ဘယ်လို လုပ်ပေးမလဲဆိုတာသာ ပြောစမ်းပါ အကိုရာ ”
“ အေးကွာ ... ဒါတော့ ငါလည်းမတွေးတတ်တော့ဘူး ။ အဖေပဲ သွားမေးတိုင်ပင်ကြည့်တာပေါ့ ”
........................................
“ဟေ့ကောင်တွေငါ့ရှေ့မှာမျက်စိနောက်အောင်မလုပ်ကြစမ်းနဲ့ကွာ။ဝေးဝေးသွားနေကြစမ်း ဒီမှာအရက်သောက်ရတာ ဇိမ်ပျက်တယ် ”
“ မဟုတ်ဖူး အဖေ ... ကျနော်တို့ အဖေကို ပြောစရာ ရှိလို့ပါ .... အဖေအရက်မသောက် ရသေးပါဘူး။ ခဏနားထောင်ပေးပါ ”
“ အောင်မယ် မင်းကများကြီးကြီးကျယ် ... မင်းစကားကို ငါကနားထောင်ရဦးမှာလား။ ငါစကားကျ မင်းအမေကအစ တစ်မိသားစုလုံး ဘယ်သူမှ နားမထောင်ကြဘူး ”
“ မဟုတ်ပါဘူး အဖေ .... အဖေဘာဖြစ်နေတာလဲကျနော်တို့ သိချင်လို့ပါ ”
“ အင်း ... ငါဘာဖြစ်နေတာလည်းဆိုတော့ တစ်မိသားစုလုံးက ၀ိုင်းပယ်တာခံရတယ်ကွာ။ သားသမီးမျက်နှာကြည့်ပြီး ပိုက်ဆံတောင်းနေရတယ် ။နောက်ပြီး ငါလိုချင်တဲ့ပုံစံ ငါ့သားသမီး တွေထဲမှာ တစ်ယောက်မှ မရှိဘူး။ မင်းတို့ ငါကို မူဆယ်ခေါ်ပြီး ပညာပေးတယ်။ ဒီလောက်ပေး ရရင် ကျေနပ်ပါတော့ကွာ ငါ့ဖာသာငါ ရွာပဲပြန်တော့မယ်ကွာ။ လိုက်ချင်တဲ့သူ လိုက်ခဲ့ မင်းတို့ လုပ်ကျွေးစရာ မလိုဘူး ငါလုပ်ကျွေးမယ် ”
“ အဖေရယ် ခုလည်း အဖေတို့အမေတို့ စေတနာ၊မေတ္တာကိုနားလည် လို့ ကောင်းကောင်းလုပ်ကိုင်ကျွေးနေတာပဲ ”
“ကြီးကြီးကျယ်ကျယ်တွေငါ့လာမပြောနဲ့ ပြောတိုင်းယုံ၊ ကျွေးတိုင်းစားတဲ့ မိဘထဲမှာ ငါမပါဘူးဆိုတာ မင်းနားလည်ထား ”
“ကဲ ... ဒါဆိုလည်းအဖေ ကျနော်တို့ စေတနာကိုနားလည်အောင် တစ်ခုပဲလုပ်စရာရှိတယ်။အားလုံးထိုင် အဖေ့ကို ကန်တော့မယ် ... ငါဆိုတဲ့ အတိုင်း လိုက်ဆိုကြ ”
“ ဟုတ် ..... ဟုတ် .... ဟုတ် .... ဟုတ် ..... ဟုတ် .... ”
“ အဖေစေတနာကို ကျနော်တို့နားလည်ပါသည်။ အဖေနှင့်အမေကို စေတနာမေတ္တာ အမှန်ဖြင့် ရိုးရိုးသားသား လုပ်ကြွေးနေပါသည်။ စေတနာမှန်ခဲ့လျှင် ... ကျနော်တို့ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် ကြီးပွားတိုးတက်ပါစေ။ မမှန်ခဲ့လျှင် အားလုံး မကြီးပွားမတိုးတက်ပါစေနှင့်။အဖေလည်း သားသမီးများ၏ စေတနာကို နားမလည်နိုင်ခဲ့လျှင် ... တစ်သက်လုံး သားသမီး တို့၏ မေတ္တာကို မခံစားရပါစေနဲ့ .... အားလုံး အဖေကို ကန့်တော့ လိုက်ကြ ”
“ ဟာ .. ကွာ ... မင်း .... ကွာ .... ကိုယ့်အဖေကို ကျိန်စာပြန်တိုက်တယ်... မင်းလူမိုက် ... မင်းလူမိုက်ပဲ ... တော်ပါကွာ မင်းတို့ သွားကြပါတော့ ငါ့ရှေ့က မင်းတို့ သွားကြပါတော့ ”
ဒါနဲ့ ကျနော်တို့ အကြီးသုံးရောက် ရေစိမ်ဆိုင်မှာ သွားထိုင်နေလိုက်ကြတယ်။
“အကိုကလည်းဗျာ .. အဲဒါကြီးကတော့ ကြမ်းတာပေါ့ .. ကျနော်တို့ က အကို ဆိုနေလို့သာ လိုက်ဆိုရတာ ”
“ အေးကွာ .. ငါလည်းထူပူပြီးတော့ ပြောလိုက်မိတာ မှားသွားတယ်ကွာ။ ဒါနဲ့အဖေအရက်ဆက်သောက်နေခဲ့တာလား ။ မသောက်တော့ဘူးထင်တယ် ... အိပ်ခန်းထဲဝင်သွားတာတွေ့လိုက်တယ် ”
“မသောက်ဖူးအကိုရ ... အမေနဲ့တော့ ဘာတွေပြောနေလည်းမသိဘူး ”
“ ငါ ခုမှစဉ်းစားမိတယ် .. အဖေကလူကြီးရောဂါ ဖြစ်နေပြီထင်တယ်။တစ်ချိန်တုန်းက သူ့ခြေသူ့လက်လုပ်ခဲ့ရတော့ အခုချိန်မှာ သားသမီးတွေ လုပ်စာထိုင်စားပြီး အထီးကျန် ဆန်နေပုံရတယ်။နောက်ပြီးသူ့ပြောစကားကိုဘယ်သူမှ မလေးစားတော့ဘူးလို့ ထင်နေတာဖြစ်မယ် ”
“ အင်း.... ဟုတ်မယ် .... ”
အဲဒီလို ညီကိုသုံးယောက် ဟိုလျှောက်ပြောဒီလျှောက်ပြောနဲ့ လမ်းဘေးခေါက်ဆွဲဆိုင်မှာ ည(၂)နာရီထိုးသွားခဲ့တယ် ။
အဲဒီအချိန်မှာပဲ ..... ဘေးဝိုင်းက ကောင်လေးတွေဆီက ...
“ သူခိုးဗျို့ သူခိုး .... သူခိုး ...... ”
ကျနော်တို့လည်း လူတွေဝိုင်းကြည့်ရာဆီလှမ်းကြည့်လိုက်တော့ ..... အဖေ .... အဖေ မှ အဖေအစစ်ပါပဲ။
ကျောပိုးအိတ်လေးတစ်လုံး ကျောမှာလွယ်လို့ အနွေးထည်ကြီး ဘိုသီဘတ်သီနဲ့ ပြေးနေတယ် ။
“ဟ .. ဟေ့ရောင်တွေ အဖေရယ်ကွ ....”
“ဟုတ်တယ် ... အဖေရယ် .... ပြေးလိုက်ပါဦးဗျာ ... အကိုတို့ ပြေးလိုက်သွားနှင့်ကြ ”
“ဟေ့ကောင် ခွေးမသား အဲဒါငါ့ အဖေကွ ဘာလို့ မသိပဲ ... သူခိုးလို့ အော်ရတာလဲ.... ခွမ်း ခွမ်း ”
“ ဟာ … ညီညီ မလုပ်နဲ့လေကွာ …. အလတ်ကောင်မင်းနေခဲ့ကွာ ကြည့်ထိန်းလိုက်ဦး ငါအဖေနောက်လိုက်သွားလိုက်ဦးမယ် ”
…………………………………….
“ အဲဒါ ကျနော် အဖေပါဗျာ မလုပ်ကြပါနဲ့ ကျွန်တော်တောင်းပန်ပါတယ်။ ကျနော်တို့ကို စိတ်ဆိုးပြီး အိမ်ပေါ်က ဆင်းသွားတာပါ ”
ကျွန်တော် ၀ိုင်းလာတဲ့ လာအုပ်ကြီးကို မနည်းတောင်းပန်ယူပြီး လဲနေတဲ့ အဖေ့ကို ဆွဲထူတော့ အဖေမထဘူး ။
“မင်းတို့တော်တော်မိုက်ရိုင်းတဲ့ကောင်တွေပဲ … ကိုယ်အဖေကို စိတ်ဆင်းရဲအောင် မလုပ်နဲ့ ... ကဲ ကဲ မင်းအဖေကို အိမ်ပြန်ခေါ်သွားတော့ ”
“ဟုတ်ကဲ့ပါဗျာ …. ကျနော်တို့ မှားပါတယ် …အဖေလာပါဗျာ အိမ်ပြန်ရအောင် ကျနော်နဲ့ ပြန်လိုက်ခဲ့ပါ ”
.......................
“ တော်တို့က ဒီမှာ ပြဿနာဖြစ်နေ ဟိုမှာ ညီညီ တို့ခုတ်ကုန်ထစ်ကုန်ကြပြီ ။ လာမြန်မြန်သွားကြည့်ဦး”
အမေ့အသံကြားလိုက်တော့ ငေါက်ခနဲထပြီး ကျွန်တော်လက်ကိုဆွဲ .....
“ ဟင် .... ဟေ့ရောင် လာမြန်မြန်သွားမယ် လမ်းထိပ်မှာ ရဲကားရောက်နေပြီ”
“ဟုတ်တယ် အဖေ ကျနော်တို့ဘယ်လို လုပ်ကြမလဲ သွားလို့ဖြစ်ပါ့မလား ရှောင်နေရင်ကောင်းမယ်ထင်တယ် ”
“ ဘာလို့ရှောင်ရမှာလည်း အဲဒါမင်းညီတွေ မဟုတ်ဖူးလား။ အဲဒါ ငါ့သားတွေကွ ငါသွားမယ် မင်းနေရင်နေခဲ့ ”
“မဟုတ်ဖူး တစ်မိသားစုလုံး ဒုက္ခရောက်မှာစိုးလို့ပြောတာပါ။ကျနော်တို့ အပြင်မှာ ရှိနေရင် ဖြေရှင်းလို့ ရတာပေါ့ ”
“မင်းအဖေ ငါပါကွာ လာသွားမယ် မြန်မြန် ”
ကျနော်တို့ ရောက်သွားတဲ့ အချိန်မှာ အလတ်ကောင်နဲ့ ညီညီသူငယ်ချင်းတွေ ထိုးကြိတ်ရိုက်နှက်တဲ့ ကောင်လေးသွေးအလိမ်းလိမ်းနဲ့ မထနိုင်တော့ပါဘူး။ ကောင်လေး သူငယ်ချင်းတွေကတော့ ပြေးပြီး။ညီညီ ကြည့်လိုက်တော့လည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ မျက်နှာတစ်ခုလုံး ဖူးရောင်လို့ အနွေးထည်မှာလည်း သွေးတွေနဲ့ ။
“ရဲကားလာပြီ အေးအေးဆေးဆေးနေကြတော့ ။ဘာမှ မဖြစ်ဖူး ရော့ ညီညီ ဒီအင်္ကျီဝတ်ထားလိုက် မင်းအနွေးထည်ပေး ဟန်မပျက်စေနဲ့ ” လို့ အဖေပြောတယ် ။
အားလုံးထွက်လည်း မပြေးကြပါဘူး။ထွက်ပြေးလည်း အိမ်လာဖမ်းမှာပဲ ။
ရဲတွေရောက်လာအပြီး အဖေဆီတန်းသွား အဖေ့ကို နောက်ပြန်လက်ထိပ်ခတ်လိုက်ကြပါတယ် ။ ကျနော်တို့အားလုံးလည်း အံသြသွားကြတယ်။ညီညီတို့ကျနော်တို့ ရှိနေရဲ့သားနဲ့ အဖေကိုဘာလို့ ဖမ်းလိုက်ကြတာလဲကြည့်လိုက်တော့ ညီညီရဲ့ သွေးအလိမ်းလိမ်းကပ်နေတဲ့ အနွေးထည်ကို အဖေ၀တ်ထားပြီး ညီညီတို့ ရိုက်နှက်ထားတဲ့ကောင်လေးဘေးမှာ တွေ့လိုက်ရတယ် ။
ကျနော်တို့ နှုတ်ဆိတ်ဆို့အနေတုန်း စကားပြန်ကို အဖေပြောလိုက်တာက
“ ဒီကကောင်တွေ တစ်ကောင်နဲ့မှ မဆိုင်ဘူး။ငါနဲ့ဖြစ်တာပါ ”
“ စကားနားမထောင်တဲ့ သားသမီးတွေ မျက်နှာကြည့်ပြီး အထီးကျန် အသုံးမ၀င်တော့တဲ့ အဖေတစ်ယောက်ထက်စာရင် အချုပ်ထဲသွားနေရတာမှ ပျော်ပါသေးတယ်ကွာ ”
ဆိုပြီး ကျနော်တို့ကိုပါ ဆက်ပြောသွားတယ် ။အချုပ်ကားပေါ်ထိုးအတင်ခံလိုက်ရ တဲ့အဖေမျက်နှာမှာတော့ .......
“ အပြုံးတွေနဲ့လား .... စိတ်ပျက်ခြင်းတွေနဲ့လား ....... ”
ကျနော်တို့ကို ခွင့်လွှတ်ပါ အဖေ ။
Bo Han
၃၄မှာ နံရံတွေကျော်တက် ချောက်နက်ကြီးထဲ ခုန်ဆင်းပြုတ်ကျသွားသလိုလို လူတွေ
၃၄မှာ ပြောင်းနေတယ်ဆိုတဲ့ လေကြောမှာပျော်ပါး နေတဲ့ ဆပ်ပြာပူပေါင်းတွေ မြင်ရ
၃၄ မှာအညော်နံ့ဟာ ကောင်းကင်တစ်ဝိုက် ရစ်သိုင်းဖွဲခွေ
၃၄မှာ ကိုယ့်ခြေထောက် ကိုယ့်လက်မောင်းကို ကိုပြန်သလိုက်ရ
၃၄မှာ နောင်တွေးလိုက်ရင် ထင်းခနဲနေအောင် ကိုယ့်ကိုကိုယ်အလွတ်ကျက်ထားရ
၃၄မှာ ကမ္ဘာကြီးပေါ်က ငါ .... ဘယ်တော့ ပျောက်ကျသွားမလဲဆိုတာ .... တွေး တွေးနေရ
၃၄မှာ ခုနှစ်အဆက်ဆက်ကတည်းက ဒီနွံထဲကို ပြစ်ချခံထားရကြောင်းမေ့လျော့
၃၄မှာ ကျည်သွားရာလမ်းကြောင်း ပျံကျဲသွားတဲ့ခေတ် စနစ် တောင်ကုန်းတောင်းတန်များ ဒုက္ခ
၃၄မှာ အိမ်ပြန်မရောက်လာတဲ့သားလေးကို မျှော်ခွင့်မရှိစေရဘူး
၃၄မှာ တောင်တက်ယာခုတ်ရင်း မိုင်းထိ ဗုံးထိပြီး သေချင်းဆိုးနဲ့သေသွားခဲ့တဲ့ ယောက္ဖတွေအကြောင်းမပြောကြေး
၃၄ မှာ ကချင်မလေးတွေ လက်နက်ကိုင် ကျည်ထည့်နည်း ဆေးပေးမီးယူ
၃၄မှာ ပေးတာယူ ကြွေးတာစား အထက်ကနင်းထားရင်ခံလိုက်
၃၄မှာ တိုးမိကြ၊တိုက်မိကြ ၊ အရေးပြားတွေ ကွဲအက် ပြဲထွက် ခဲ့ကြ
၃၄မှာ နားလည်မှု ထပ်တူကြခြင်းအသံမှာ မာန်တွေ ၊ ဌာန်တွေ မေ့ပျောက်
၃၄မှာ လူစွမ်းကောင်းတွေလည်း မချိသွားဖြဲ အပြုံးကိုပဲ မျက်နှာမှာ တပ်ဆင်လိုက်ကြ
၃၄မှာ ခွဲရမှာ သိနေသလိုလို အပျိုပေါက်စမျက်နှာပေးနဲ့ ပြီးတော့ .............ပြီးတော့တွေ ......
၃၄မှာ အမွှေးတွေ တစ်ချောင်းမကျန်ဆွဲနှုတ်ခံရတဲ့ ကျီးအတစ်ကောင်ထက် ဘာမှမပိုသော ငှက်
၃၄မှာ ရှေ့လိုလိုနောက်လိုလို လမ်းသလားရုံအပျော်ဖတ်သက်သက်ခေတ်ပေါ်ဝတ္ထု
၃၄မှာ တွေးလိုက်ရင်သစ်တဲ့ အနာဖေးကိုတကျစ်ကျစ် ကုပ်ဖဲ့
၃၄မှာ စိတ်ကူးမှာ မေးတင်ကျန်ရစ်တဲ့ သက်ပြင်း အချင်းချင်းဆို နားလှည့်ပါးရိုက်
၃၄မှာ ပရိသတ်ခိုက်သည်းချေကြိုက် အော်ဂတ်စတာ ခြေရာပြန်ကောက်နေတဲ့ တီးလုံးမှာအခြေတင်
၃၄မှာ အလောင်းစည်သူကို မှုးမတ်တွေ ၀ိုင်းဝန်းလုပ်ဇာတ်ခင်း တဲ့ လက်ခမောင်းခတ်ပွဲ
၃၄မှာ အသံတွေက စုန်းစုန်းမြုပ်အောင်နာလာတယ်
၃၄မှာ ကိုယ့်အခွင့်အရေးကို လက်ယက်တွင်းထဲက တစိမ့်စိမ့်ခပ်ယူနေရသလို ပူတယ်
၃၄မှာ ဂငယ်ဟာ အောက်မှာ အပေါက်နဲ့ ဖားကောက်
၃၄မှာ ဆင်းစီးရတော့ မြင်းကိုကန်ထုတ်ပစ်ခဲ့ ဘုရားပြီး ငြမ်းဖျက်ရိုးကထုံးစံ သံသရာ အဆက်ဆက်
၃၄မှာ ဗိုလ်အောင်ဒင်တဲ့ ဇာတ်ထုတ် အသစ်ထွက်တယ်
၃၄မှာ .... မေမေရယ် ... ပုံပြင်တွေက အိပ်ရေးပျက်ယုံသက်သက်
၃၄မှာ ငှက်တွေဟာ တဖြည်းဖြည်း အဝေးကို ပျံထွက်သွားပါပြီ
ကျွန်တော်ရဲ့ ၃၄ ဟာ
ဆပ်ကပ်ဆရာရဲ့ဓားချက်အတွက်
ဒဏ်ရာဖြစ်ရုံသက်သက် ကျုပ်တို့ဟာ စက်ဝိုင်းဖြစ်ပေးလိုက်ရုံ ။

ဘာလို့ မီးဖိုချောင်ထဲ မောင်းထည့်ချင်ရတာလဲ
ကျွန်မက ဟင်းခတ် အမွှေးအကြိုင်မိုလို့လား ။
ဘာလို့ဘောလုံးတစ်လုံးလိုတည်
ဝိုင်းကန်ချင်ရတာလဲ
ကျွန်မက ဘောလုံးမဟုတ်ဖူးလေ
ဘောလုံးထဲက လေ
လေမရှိရင် ရှင်တို့တသက်လုံး '' လေ "သွားမှာပေါ့ ။ မသိဘူးလား ။
ကျွန်မက
ဖိနပ်မပါလည်း ဖျော်ဖြေတတ်ပါတယ် ၊
ကျောင်းသွားကြိုရဲတယ် ၊
ဆားတွင်းတွေဆီ လမ်းလျှောက်နိုင်တယ် ၊
မိုင်းတွင်းတွေရှိရာဆီကိုလည်းပဲပေါ့ ၊
ကျွန်မအလုပ် ကျွန်မလုပ်နေတုန်း
ကျွန်မဘယ်တုန်းက ရှုးဖိနပ်နဲ့ အပေါက်ခံရဘူးလို့လဲ ၊
ဟုတ်ကဲ့
ကျွန်မ ရှာကီယာ လေ
တောင်အာဖရိက ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ
'' ၀ါကာဝါကာ" သီချင်းနဲ့ ကမ္ဘာကိုဖမ်းစားကျော်ကြားခဲ့သူပေါ့ ။
ဟုတ်ကဲ့
ကျွန်မ လီနာပါ
ပြင်သစ်အိုးပင်းတင်းနစ်ချန်ပီယံပြိုင်ပွဲမှာ ချန်ပီယံဆုနဲ့
အာရှဂုဏ်ဆောင်ဗိုလ်စွဲအောင်မြင်ခဲ့သူပေါ့ ။
ဟုတ်ကဲ့
ကျွန်မ ဆာဝါပါ
ဂျာမဏီ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ
ဆုဖလားအပြင် ရွှေဖိနပ်နဲ့ပါ ထင်ရှားခဲ့သူပေါ့ ။
ဟုတ်ကဲ့ပါ
ကျွန်မက ယင်လက်ရှင်နာဝပ်ပါ
ငယ်ငယ်က ဘင်ခရာတီးခဲ့သလို
ခုလည်းတိုင်းပြည်ကို ကမ္ဘာ့အလယ်မှာ သာယာနာပျော်ဖွယ်ဖြစ်အောင် တီးခတ်ဖို့
စိန်ခေါ်မှုတွေနဲ့ စင်ပေါ်ရောက်ခဲ့သူပါ ။
ဟုတ်ကဲ့
ကျွန်မနာမည်
ကျွန်မနာမည်
ကျွန်မနာမည်
ဒါနဲ့များ ရှင်က ကျွန်မကို ဘာလို့
မီးဖိုချောင်ထဲမောင်းသွင်း ကြွက်မောင်းခိုင်းချင်ရတာလဲ ။
ကလစ်တစ်ချက်နှိပ်လိုက်ရုံနဲ့
ကမ္ဘာကြီးက ရှင့်ရှေ့ ရောက်နေပြီ ၊
ရောက်လာတဲ့ ကမ္ဘာကြီးထဲကနေ
မိန်းမတစ်ယောက် ရှင့်ကိုမိန့်ခွန်းတွေပြောနေပြီ
ကြောက်စရာအတွေးအခေါ်ကြီး ဘေး ခဏချ
ကျွန်မကို သေနတ်တစ်လက် ဒါမှမဟုတ် နှင်းဆီတစ်ပွင့်မြန်မြန်ပေးစမ်းပါ
တစ်ကိုယ်လုံး တစ်ကမ္ဘာလုံး ရွဲသွားအောင်
ခေါင်းပေါ်တည့်တည့်က ပျော်စရာ ရွှင်စရာတွေပစ်ချပေးမလို့ ၊
ရှင်သိထားဖို့က
အနည်းဆုံး မိန်းမတစ်ယောက်သာပါပစေ
ပျက်သွားတဲ့ ကမ္ဘာကိုပြန်စလို့ရတယ် ။ ။
ခရမ်းပြာထက်လူ
26/7/2011
လှိုင်းသစ်, အောက်တိုဘာ ၂၀၁၂
ပြည် GTI ရဲ့ ဗန်ဒါပင်အောက်ကခုံတွေမှာ ခြေပစ်လက်ပစ်ထိုင်ပြီးအနားယူနေရင်း ....
“ ဟေ့ရောင် စာအုပ်တွေ ဘယ်လိုရောင်းမလဲကွ ။တွေ့တဲ့သူတိုင်းကလည်း မ၀ယ်ချင်ကြဘူး လက်ဆောင်ပေးရတာနဲ့တော်တော်ကုန်နေပြီ ”
“ အေးကွ .. ငါတို့ကလည်း လကုန်ခါနီးမှ သွားရောင်းမိတာကိုကွာ ကျောင်းသား အားလုံးဆီမှာ ရေခမ်းနေတဲ့အချိန်ဖြစ်နေတာကို နောင်ကြီးရ ”
“ အေး ဒီအချက်မှတ်ထားလိုက်စမ်း ဘိုဘို ၊ နောက်တစ်ခါ ထုတ်ရင် ... လကုန်မရောင်းမရန်လို့ ”
“အောင်မယ် အားအားယားယား မှတ်မနေနိုင်ပါဘူးဗျာ ... မလုပ်ခင်တုန်းကတော့ ...ဘယ်လောက်ကုန်အောင်ရောင်းမယ်။ဘယ်လောက်မြတ်မယ်နဲ့ တွက်ရေးကတော့ စက်သူဌေးလုပ်ပြီး အခုတော့ ကျနော့ စက်ဘီးလေး အပေါင်ဆိုင်ကတောင် ပြန်ထွက်လာနိုင်ပါ့မလားမသိဘူး ”
“ ဟကောင်ရ ငါလည်း ငါတို့ကျောင်းသူကျောင်းသားတွေ စိတ်ဝင်စားမယ်ထင်တာပေါ့ဟ ...
ဒီလောက်စိတ်ဝင်စားဖို့ကောင်းတဲ့ စာအုပ်ကိုများကွာ ဘာလို့မရောင်းရပါလိမ့် ၊ငါကိုယ်တိုင် မျက်နှာဖုံးပုံဆွဲပေးပြီး ဓာတ်ရိုက်ဓာတ်ဆင်နဲ့ အသေအချာ လုပ်ထားတာပါကွ ။ နေစမ်းပါဦးကွာ ငါ အာရုံခံပြီး ရွတ်ဖတ်ကြည့်ပါဦးမယ် ”
ကိုမျိုးမင်းက အဲလိုရယ်။လူက နတ်လိုလိုဓာတ်လိုလို တရားသမားလိုလို မုတ်ဆိတ်ကြီးထားလို့ ။ သူရွတ်ဖတ်နေချိန်မှာပဲ ...... ဇော်ဇော်အောင် အူယားဖားယားနဲ့ အပြေးအလွှားရောက်လာပြီး ....
“ဟေ့ရောင်တွေ .... ငါဖို့လည်း အုပ်၂၀လောက်ချန်ထားပေးပါဦးကွ ၊ စာအုပ်က တစ်မျိုးတည်းပဲလား
ဘာမှ မပူပါနဲ့ သူငယ်ချင်းတို့ရာ ငါတစ်ယောက်လုံး ရှိပါတယ်ကွ။ကုန်အောင်ရောင်းပေးပါ့မယ်။ ငါ့အဆောင်မှာ ဒါမျိုးဖတ်တဲ့ကောင်တွေ အများကြီးပါ။စိတ်ချ ပိုက်ဆံတော့ လကုန်မှ ငါကောက်ပေးမယ်ကွာ ”
“ ဟ .. ရပါတယ် ကွ ... ကျေးဇူးပါပဲကွာ ... အခုလိုစာပေစိတ်ရှိတာ ကျေးဇူးတင်ပါတယ် ရော့ရော့ အုပ်(၂၀) ယူသွား ရောင်းပြီးမှပေးရတယ် ”
“ အေးအေး ...နေပါဦး စာအုပ်ကြည့်ရအောင် ... အလဲ့ ... လှိုင်းထန်နေသောဘ၀ များ မိုက်လှချေလား ..အားပါးပါ ... ပုံကလဲမိုက်တယ် ”
“ အေး မျက်နှာဖုံးပုံက ကိုမျိုးမင်းဆွဲတာ၊ ကဗျာစာအုပ် title က ဘိုဘို ၊ ရေးတဲ့သူတွေက ကိုမျိုးမင်းရယ် ၀င်းကိုကို ၊အောင်မင်းငြိမ်း ၊ ဘိုဘို လေးယောက်ပေါင်းရေးတာ ။အတွင်းထဲ မင်းဖတ်ကြည့်စမ်း ။ ဘယ်သူက ဘယ်ကဗျာရေးတာ ဖြစ်နိုင်လဲလို့ ”
“ ဘာ ... ဘာ ... ဟေ့ရောင် ကဗျာစာအုပ် ဟုတ်လား ”
“အေးလေကွာ ... ငါတို့ လေးယောက်ပေါင်းရေးထားတဲ့ ကဗျာစာအုပ်လေ ”
“ ကဗျာ စာအုပ်ဆို ငါကဘာလုပ်ရမှာလဲ ... ဟိုကောင် အောင်မင်းငြိမ်း တိုးတိုး တိုးတိုး လိုက်ပြောနေတာ ငါတို့ရေးထားတဲ့ အပြာစာအုပ်လေး သွားအားပေးလိုက်ပါဦး ဆိုလို့ငါလာတတာကွ ”
“ ဘာ အပြာစာအုပ် ဟပ်လား ... ဟေ့ရောင် လူကိုစော်ကားချင်စော်ကား အနုပညာကို မစော်ကားနဲ့ ”
“ ဟေ့ရောင် ဇော်ဇော်အောင် လာနောက်မနေနဲ့ မင်းဖဲရှုံးလို့ အကြံအဖန်ထုပြီး ငါတို့စာအုပ်တွေရောင်းမလို့မို့လား။ဖဲသမားက ငါတို့ကို ဖဲချပ်တွေထင်ပြီးလာ ကုလားဖန်ထိုး
နေသေးတယ် မင်းအကြောင်း မသိဘူးများမှတ်နေသလား ”
ကိုမျိုးမင်း က ဇော်ဇော်အောင်ကို ပြောဆိုနေတုန်းမှာပဲ အောင်မင်းငြိမ်း အပြေးအလွှားရောက်လာပြန်တယ် . ပါးတစ်ဖက်ကိုလည်း အုပ်လို့ မျက်နှာကြီးကလည်းဒေါသထွက်ပြီး ရှက်လည်းရှက်နေတဲ့ပုံ
“ အောင်မင်းငြိမ်း မင်းဘာဖြစ်လာတာလည်း ဟေ့ရောင်ပြောစမ်း ”
“မပြောပါရစေနဲ့ကွာ ငါရှက်လွန်းလို့ပါ ”
“အောင်မာ ... မိန်းမရွှင် ...ကိုယ်ဝန်ရှိတဲ့ လေသံနဲ့ ...... ”
“ ငါ လခွီးတဲ့ မှာပဲ မိန်းမရွှင် ကိုယ်ဝန်ရှိတာများ ငါ့လို ဖြစ်ပါ့မလားဟ ။ ဒီလိုကွ ... ငါက ဒီကဗျာစာအုပ်ကျနော်တို့ စုရေးထားတယ် အားပေးပါဦးလို့ သွားရောင်းတာ ဘယ်လိုကြားပြီးဘယ်လို ထင်သွားလည်းမသိပါဘူးကွာ။ငါတို့ ECက မသိမ့်သိမ့်မွန်လေကွာ သူဗလကြီးနဲ့ ဆော်ထည့်လိုက်တာ
အား ... ကျွတ်ကျွတ် ... ”
“ နည်းတောင်နည်းသေးတယ် ... မင်းငါ့ကိုပြောတုန်းကလည်း ဒီလိုပဲ ... စာအုပ်ကလည်း အပြာရောင် အဖုံးနဲ့ မင်းက စကားလည်းလေးလုံးကွဲအောင်မပြောတော့ ... ကြားတဲ့သူက ဒီအပြာစာအုပ်လေး အားပေးပါဦးပဲ ကြားတာပေါ့ဟာ ချီးထုတ်ရ ”
“ ဟာ .... ကိုနောင်ကြီး ဟိုမှာ ဌာနမှုးဦးသိန်းတန်ဦးနဲ့ ကျောင်းသားတွေ ကျနော်တို့ဆီလာနေပြီဗျ ”
“ ဟေ့ရောင် ... မင်းတို့ကိစ္စမင်းတို့ရှင်း ငါနဲ့မဆိုင်ဘူး ၊ ငါက Civil က ခုဖြစ်တာက မင်းတို့ EC ကလူတွေပဲ ”
“ အာ ... အဲလိုလုပ်လို့တော့ မရဘူးလေဗျာ .. ခင်ဗျားက Civil ကဆိုတော့ ဘာမှ မဖြစ်လောက်ပါဘူးဗျာ၊ ခင်ဗျား ရှင်းလိုက်ပါနော် ၊ နောက်ပြီး ကျနော်တို့ အဖွဲ့ထဲမှာ ခင်ဗျားက အကြီးဆုံးဆိုတော့ အကိုကြီး အဖအရာပေါ့ ဟုတ်ဖူးလား ရှင်းလိုက်ပါနော် ... ”
“ ဟေ့ကောင် အောင်မင်းငြိမ်း မင်း အပြာစာအုပ်တွေ လိုက်ရောင်းနေတယ်ဆို ဒီမှာလာတိုင်နေကြတယ် ”
“ ဟုတ်တယ် ... ဟုတ်တယ် ... ဆရာတို့ EC က ကောင်တွေ အပြာစာအုပ်လိုက်ရောင်းနေတယ် ”
“ ဟုတ်တယ်ဆရာ ဒီကောင် အောင်မင်းငြိမ်းပေါ့ သမီးကိုတောင် လာရောင်းသေးတယ် ဟိုမှာ သူလက်ထဲကိုင်ထားတဲ့စာအုပ်ပေါ့ ။ သမီးတို့ ဌာန နာမည်ပျက်တယ်ဆရာ ဒီကောင်တွေကို ဆုံးမပေးပါ ”
“ ဟင် ငါတို့ ECကကောင်တွေ တယ်လည်းတော်နေကြပါလားကွဟင် ... အပြာစာအုပ်ရေးပြီး ကျောင်း
စရိတ်ရှာနေကြတာပေါ့ ဟုတ်လား ”
“ ခင်မျာ ... ဒါက ဒီလို ဖြစ်တာပါ ဆရာ .... ” ဇော်ဇော်အောင် ၀င်ရှင်းပြမလို့ လုပ်တုန်း
“ အောင်မယ် ဖဲသမား မင်းလည်း ဒီကောင်တွေနဲ့ ပေါင်းပြီး စရိတ်ရှာနေတာပေါ့ ဟုတ်လား ”
ဇော်ဇော်အောင်လက်ထဲမှာ စာအုပ် ၂၀ က တန်းလန်းကြီးမိနေတယ် ။
“ မဟုတ်ပါဘူးဆရာရယ် ... ဒီကောင် အောင်မင်းငြိမ်း ဂြိုလ်မွေတာပါ ... ကျနော်တို့ အပြာစာအုပ် မရောင်းပါဘူး ” ကိုမျိုးမင်း ၀င်ပြောခါရှိသေး
“ ဟေ့ ရောင် မင်းက လက်ဆုပ်လက်ကိုင်မိနေတာတောင် ပြောင်လိမ်ချင်သေးတာလား ဒီမှာ အပြာစာအုပ် မဟုတ်ဖူးလား ”
“ ဟုတ်ပါတယ် ဆရာ ဒါပေမယ့် မဟုတ်ပါဘူး ။ ဟုတ်ပါတယ် ဆိုတာက အပြာရောင် စာအုပ်ပါ ။ မဟုတ်ပါဘူးဆိုတာက အထဲမှာရေးထားတာတွေက အပြာစာပေ မဟုတ်ပါဘူး။ ကျနော်တို့ ရေးထားတဲ့ ကဗျာတွေပါ ”
“ ဘာ ကဗျာ ဟုတ်လား ... ဘာ ကဗျာ တွေတုန်း ဟ ... မင်းတို့ကောင်တွေကြည့်လည်း လုပ်ဦးနော် နိုင်ငံရေးအခြေအနေက ကောင်းတာမဟုတ်ဖူး ”
“ ဆရာ့နဖူးပြောင်တဲ့ အကြောင်းရေးထားတဲ့ ကဗျာ မဟုတ်တာတော့ သေချာပါတယ် ခင်ဗျ ”
.............................
“ ဟေ့ရောင်တွေ ရေသောက်ဗျိုက်မှောက်နေရတာခည်းကြာပြီ ။ ဘယ်လိုလုပ်ကြမတုန်းဟ ကြံကြစမ်းပါဦး ”
“ ဘာတုန်းဟ ကဗျာစာအုပ်ကိစ္စလား ။ မင်းမမှတ်သေးဘူးလားကွာ ။တို့ ကဗျာအတွက် တို့ ဘ၀ကြီးတွေကိုတောင် ပေးဆပ်မယ်လို့ အဓိဌာန်ထားတာပဲ ငွေရေးကြေးရေးကိစ္စ ပစ်ထားလိုက်စမ်းပါ ”
“ နင့်အမေကြီးဒေါ်ပါ့လား နင့်ပိုက်ဆံမှ မပါပဲဟ ... နင်ကတော့ ပြောမှာပေါ့ .. ”
“ အဟီး ... အဲသလိုလည်းမဟုတ်ပါဘူးကွာ ”
“ဟေ့ရောင်တွေ မင်းတို့ EC မှာ အဆိုတော် ရှိန်း ရှိတယ်မို့လားကွ ”
“ အေးရှိတယ်လေ ... ဘာဖြစ်လို့လဲ ကိုနောင်ကြီးရ ”
“ သူ ငှားပြီး ပရိုးမိုးရှင်း လုပ် ကဗျာစာအုပ်တွေ ရောင်းခိုင်းမယ်လေကွာ တစ်အုပ် ၁၅၀၀ နဲ့ အဲဒါဆိုရောင်းရမှာကွ ”
“ အေးအေး နေစမ်းပါ ကိုနောင်ကြီးရာ ဒီမှာ တစ်အုပ် ၃၀၀ တောင်မ၀ယ်လို့ စိတ်ညစ်နေတာ
ဘယ်မလဲ ကောင်မလေးတွေ ကြိုက်တဲ့ အချစ်ကဗျာ လူတွေက ကျနော်တို့ ချကျွေးတာကို မစားသုံးတတ်ဖူးဗျာ ဒီမှာက ရင်ဘတ်ကြီးတွေရင်းထားရတာ ”
“ အောင်မာ စောက်ကြီးစောက်ကျယ်နဲ့ စက်ဘီးလေးတစ်စီးရင်းထားတော့ ပြောထားဦးပေါ့ကွာ၊ သီးခံပါမယ် ဘိုဘိုရာ ”
“အေးဗျ ... ကျွန်တော်တစ်ခုစဉ်းစားမိတယ် ပြည်တက္ကသိုလ်ထဲ သွားရောင်းမယ်ဆိုရင်ရော ”
“ အေးအဲဒါတော့ ... ကောင်းတယ်ကွ မင်းမှာအသိရှိလား ”
“ ဟာ ... ဟုတ်တယ် ယောက္ဖငါ့မှာ ကောင်မလေး အသိတွေ အများကြီးရှိတယ် ... သွားမယ် တက္ကသိုလ်ဘက်သွားရောင်းမယ်ကွာ ”
“ မင်းတော့ ယုံပါတယ် အောင်မင်းငြိမ်းရာ ပဲခူးသားလို့ ပြောစရာမလိုအောင်ကို ပြီးပြည့်စုံပါတယ်။
မင်းပြည်တက္ကသိုလ်ထဲသွားရင် မင်းဘာဆိုဘာမှ ၀င်မပါနဲ့ ပါးစပ်ပိတ်နေ ”
“ မဟုတ်ဖူးလေကွာ ငါ့အသိကောင်မလေးတွေ အများကြီးရှိပါတယ်ကွ ငါရောင်းပေးပါမယ် ”
“ နေနေဟေ့ ရောင် .... အခု ပြည်တက္ကသိုလ်ကျောင်းအုပ်ကြီး ဦးမြ၀င်း ဆီသွားမယ်။ ငါဆရာ ကိုဌေးကြည်က စာရေးပေးထားတာရှိတယ်။သွားတွေ့ရဦးမှာနဲ့ အတော်ပဲ ”
“ အေး ဒါဆိုလည်း သွားကြတာပေါ့ ”
................................
“ဟေ့ရောင် ... ဆရာဆီမသွားခင် ကျောင်းထဲ ခဏလျှောက်ရောင်းကြည့်ရအောင် ”
“အောင်မင်း ငြိမ်း မင်းပြဿနာ မရှာရင် ရောင်းမယ် ”
“ အေး မရှာပါဘူးကွ ... ငါကောင်မလေးတွေ ခေါ်လိုက်ရဦးမလား ”
“ နေပါနေပါ အေးဆေးနေပါ မောင်ရာ ”
ကောင်မလေးတစ်အုပ်တွေ့တာနဲ့ ကျွန်တော်တို့လည်း ၀င်ရောပြီးရောင်းကြည့်ဖို့ကြိုးစားမိတယ်။ ကဗျာစာအုပ်ဆိုတာလည်း ... ဒီလိုပဲရောင်းရတယ် မဟုတ်လား ။
“အမတို့ ခင်ဗျ ... ”
“ အောင်မယ် အောင်မယ် ရာရာစစ သူ့အသက်၊သူရုပ်မှ အားမနာ ငါတို့ကို အမတဲ့ ဟားဟား ”
စစခြင်းဆောက်နဲ့ထွင်းလိုက်ပါတယ်။
“ မဟုတ်ပါဘူး ခင်ဗျ ... ကျနော်တို့က လူမှုရေးအရခေါ်တာပါ ... မှားသွားရင်လည်း ဆောရီးပါဗျာ ။ ကျနော်တို့ ဒီကဗျာစာအုပ်လေး ရောင်းချင်လို့ပါ ”
“ အော် ... အော .. အော် ... ကဗျာစာအုပ် ရောင်းချင်လို့တဲ့ ... နင်ဝါသနာပါလား ... ”
“နိုးပါ ... မသကာ... ပရိတ်ကြီး ၁၁ သုတ်ဆိုတော့သေးတယ် ... ”
“နေပါဦး တစ်အုပ်ဘယ်လောက်လည်း ”
“ တစ်အုပ်မှ ၃၀၀ ပါ အမ ... အဲ အမ က ကဗျာ ၀ါသနာပါမဲ့ သဘောရှိတယ် အားပေးပါဦးခင်ဗျ
ကျနော်တို့ ပြည်GTI ကလာရောင်းရတာပါ ... ပြန်ဖို့ လမ်းစရိတ်တောင် မရှိတော့လို့ပါ ”
“ ဟင် စာအုပ်က ပါးပါးလေး တောင် ၃၀၀ လား ။ပီမိုးနင်းတို့ ဖေမြင့်တို့တောင် တစ်အုပ်မှ ၁၅၀ ပဲ များလိုက်တာ ”
“ အယ် ကဗျာဆရာတွေ နာမည်လည်း ကြည့်ပါဦး ဘာကြီးတွေမှန်းလည်း မသိဘူး နောင်သင်ချစ် တဲ့ ”
“ ဘာပြုလို့လဲ ခင်ဗျ နောင်သင်ချစ်ဆိုတာ ကျွန်တော်ပါ ။ လိုအပ်တာရှိလည်း ဝေဖန်ပါဦး ”
ကိုဝင်းကို က သူစတိုင်အတိုင်း ရှက်သလိုလို အပြုံးလေးနဲ့ ၀င်ရောတော့ .....
“ ဝေဖန်ရရင် ခု ခေတ်စားနေတဲ့ ကဗျာဆရာတွေလို ဥပမာ မောင်စိန်ဝင်းဆိုရင် ပုတီးကုန်း ၊ မောင်လှမျိုးဆိုရင် ခြင်းချောင်းခြံ၊ မောင်ညိုအေး ဆိုရင် ပန်းတော ပေါ့ ။နောင် သင်ချစ်ဆိုလည်း ဘာကုန်းညာကုန်းပေါ့ ”
“ မလုပ်ပါနဲ့ ခင်ဗျာ ...ကျွန်တော်က ကုန်းလို့ မရပါဘူး နွားထိုးကြီးက မို့ပါ ”
“ အမ် ဒါဆိုရင် ရှိစေတော့ ရှိစေတော့ ”
“ ဟုတ်တယ်ဗျ ... အမ အကြံပေးမှ သတိရတယ် ကျွန်တော်ကလောင်နာမည်နောက်မှာ ကိုးပင်ဆိုတာ
ထည့်ရမယ်။ ဒါဆိုရင် ကိုးန၀င်းလည်း ကြေမယ် ”
ကိုမျိုးမင်း က စဉ်းစားဟန်နဲ့ သူမုတ်ဆိတ် ကို ပွတ်ပြီးပြောတော့ ....
“ ဘာ ကိုးပင် ဟ လား တော်တော် ကပ်စီးနှဲတဲ့ ရွာ တကယ်ဆို ၁၀ပင် ပြည့်အောင် ဘာကြောင့် မစိုက်ခဲ့ကြတာလည်း ။ အဲဒါ ရှင်သိလား ။ နောက်ပြီး လူတွေကိုလည်း တအားဒုက္ခပေးတဲ့ နေရာမှာ နာမည်ကြီးပဲ ”
“ ဘာကြောင့်တုန်း နှမကြီးရဲ့ ”
“ ဘာ နမကြီးတုန်း .... ရှင်တို့ ကိုးပင်ပဲလှော်ဆိုတာ နာမည်ကြီးလေ ။အဲဒီရွာကို ကားရပ်မှာ တအားကြောက်တာ။ ပြီးရင်ကားပေါ်မှာ တပူပူနဲ့ ”
“ ဟုတ်ကဲ့ ခင်ဗျာ ကျွန်တော်တို့ သွားလိုက်ပါဦးမယ် ”
ဒီလိုနဲ့ ....
“ ဟေ့ရောင်တွေ ဒီလိုတော့ ရောင်းလို့ မရဘူး ။ ဆရာမြ(မြ၀င်း- ဒဿန)ဆီသွားမှ ကောင်းမယ် ”
“ အေး သွားကြတာပေါ့ ..... ”
ဆရာဆီရောက်တော့ ဆရာကို ကိုဌေးကြည်ပေးလိုက်တဲ့ စာလေးပေးတော့ ဆရာရေနံချောင်း ကောလိပ်ကျောင်းအုပ် အဖြစ်နဲ့ ရောက်ခဲ့စဉ်က ကိုဌေးကြည်တို့နဲ့ သီချင်းရေးတာတွေ သီချင်းဆိုတဲ့ အကြောင်းလေးတွေ ပြန်ပြောပြတယ်။
“ နေပါဦး .... မင်းတို့ ကဗျာအမျိုးအစားတွေက ဘာတွေတုန်း ” လို့ ဆရာမေးတော့
“ ဆရာ ခင်ဗျ ကျွန်တော်တို့ စာအုပ်လေးဖတ်ပြီး ဆရာကိုယ်တိုင်ပဲ တံဆိပ်ကပ်ပါ ”
ဆရာက စာအုပ်လေး ခဏဖတ်ပြီး ... အေး ဘာပဲဖြစ်ဖြစ် စာတော့ ဆက်ရေးကြကွ လို့ မှာပါတယ်။
နောက်ပြီး ဆရာ့စာအုပ်စင်ကိုအချိန်မရွေး လာဖတ်ခွင့်နဲ့ ဂျိုဇော်ရဲ့ ချောင်းဟန့်သံ ၀တ္ထုတိုစာအုပ်လေး လက်ဆောင်ပေးလိုက်တယ်။
ကျွန်တော်ကိုတို့လည်း ကျောင်းအနှံ့လိုက်ပြတယ် ။
ပြီးတော့ ကျွန်တော်တို့ “ ကျောင်းအုပ်ကြီးက ကဗျာစာအုပ် ရောင်းခိုင်းလိုက်လို့ပါ ”
ဆိုပြီး လိုက်ရောင်းလိုက်တာ ကျွန်တော်တို့ ကဗျာစာအုပ်လေးတွေ ကုန်သွားပါတယ် ။
ညဘက်ကြတော့ မောင်ချောနွယ် ပြည်ပြန်ရောက်လာတာနဲ့ ဆုံတော့ ကမ်းနားလမ်းဘက်က restaurant တစ်ခုမှာ ကိုချော(မောင်ချောနွယ်) ၊ကိုတိုးကြီး(ချမ်းငြိမ်းအေး)၊မိုးသောက်နီ ၊ ညီဈာန်တို့နဲ့ ကဗျာရွတ်သံ ဖန်ခွက်ခြင်းထိသံ တွေဟာ ညနာရီပြန် နှစ်ချက်တီးသွားခဲ့ပါတယ် ။အဲဒီညက ကမ်းနားလမ်းကနေ မြို့သစ်ဘက်ကို ခြေလျှင်လျှောက်ပြန်ခဲ့ရတဲ့ ကျွန်တော်တို့ ခြောက်ယောက်ကိုတွေ့ရင် အရူးတွေ အုပ်စုဖွဲ့ပြီး အော်ဟစ်လျှောက်နေသလို လွမ်းခဲ့ရတဲ့ ည ။
အော် အိမ်က ၀ယ်ပေးလိုက်တဲ့ စက်ဘီးလေးတော့ ခုချိန်ဆို ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း မသိတော့ပါဘူး။ တိုက်တိုက်ဆိုင်ဆိုင် စက်ဘီးကလည်း အပြာလေးပါပဲ ။
* ပြည်မြို့ နှင့် ပြည်GTI မှ သူငယ်ချင်းများ လွမ်းလို့ ရေးထားခြင်းသာ ဖြစ်ပါသည်။ တောမရောက် တောင်မရောက် အတိုအစများပါ။
သူငယ်ချင်းတွေအားလုံး .... အဖြစ်အပျက်တချို့ကို အခြေခံပြီးနောက်ရေးထားတာနော် ... ဟိဟိ ... တကယ် ဖြစ်ခဲ့တယ် မထင်နဲ့ ။

ကဗျာဆရာတွေဟာ
အနိဌာရုံကို အလေးထားသတဲ့ ၊ ကဗျာဆရာအော်ဒင်(Audin) ကရေးခဲ့ဖူးတယ်။ ဒီသဘောဟာ
စစ်ပွဲ ကဗျာဆရာတွေအပေါ် မြင်ကြည့်ကြတဲ့ အမြင်တစ်ရပ်ပါပဲ ။ သမိုင်း
အစဉ်အလာအရ ပြောရယင်တော့ ဒီသဘောဟာ လူတစ်ယောက်ရဲ့
ဝိရောဓိစိတ်ကို ထင်ဟပ်စေတာပါ။
စစ်ပွဲတွေဟာ ကဗျာဖွဲ့လို့ အကောင်းဆုံး မော်ကွန်းတွေ ဖြစ်သလို ကဗျာဝတ္ထုရှည်ကြီးတွေလဲ ဖြစ်ကြပါတယ်။ရှိတ်စပီးယား
ရဲ့ သမိုင်းဝင် ပြဇာတ်ကြီး ဖြစ်တဲ့ '' ထရိုင်းလပ်စ် နဲ့ ခရက်စ်ဆီဒါ " (Trilus and Cresida )ကိုပဲ ကြည့်ယင် အဖြစ်အပျက်ဟာ တကယ့်အဖြစ်အပျက် ။ဂရေစီယမ် စစ်သည်တော်တွေဟာ အသိစိတ်ရှိကြောင်း သရုပ်သဏ္ဍန်လဲ ပေါ်လွင်စေတယ်။စစ်ဆိုတာ
အဓိပ္ပါယ်မယ့် ရုန်းရင်းဆန်ခတ် ဖြစ်တာပါ။
အနာဂတ်စစ်ပွဲတွေမျာ သူရဲကောင်းတို့ အောင်ပွဲတို့ ရှိမှာ မဟုတ်တော့ဘူး။စစ်ပွဲရဲ့ အဓိပ္ပါယ်ဟာလဲ ပျက်သုဉ်းချဉ်းပဲ ဖြစ်တော့မယ်။ ယဉ်ကျေးမှုတန်ဖိုးရှိတဲ့ဘ၀ ၊ လူသားမျိုးနွယ် ၊ နောက်ဆုံး ကမ္ဘာကြီး တစ်ခုလုံး ဆိတ်သုဉ်းကုန်မှာပါပဲ ။
ဒါကြောင့် ဒီနေ့ ကဗျာဆရာတွေရဲ့ စစ်ပွဲကဗျာတွေကို ကြည့်ယင် အဓိက နှစ်မျိုးကွဲနေတာ တွေ့ရလိမ့်မယ်။ပထမတစ်မျိုးက ပျက်သုဉ်းချဉ်းကိုအလင်္ကာပြုတဲ့ ကဗျာတွေဖြစ်တယ်။ ကဗျာဆရာမ ဟာနီကော်တိုက်ဇ်(Hurny Cortize)ရဲ့ ' သီးသန့် စုပုံခြင်း " ကဗျာကို ကြည့်ပါ ။
တောင့်နေတဲ့ သစ်ပင်တွေ
သီးသန့်စုပုံကြည့်ပါ ၊
ခါနေတဲ့ ကမ္ဘာပေါ်မှာ တွေ့ရမယ် ။
တိရ စ္ဆာန် အသေကောင်တွေ
သီးသန့်စုပုံကြည့်ပါ ၊
အသံထက်မြန်တဲ့ ဒုံးပျံတွေရဲ့ လေစုပ်ထုတ်ပိုက်တွေမှာပါ ။
စစ်ပွဲကဗျာဆရာမရဲ့ အလင်္ကကာတင်စားမှုဟာ အဏုမြူစစ်ပွဲရဲ့ ပျက်သုဉ်းမှုကို ကြိုတင် တွေးဆ ရေးဖွဲထားတာ တွေ့ရပါလိမ့်မယ်။ သူမရဲ့ ကဗျာ အဆုံးမှာ
ဒီသီးသန့် စုပုံတွေကို မြင်ရတော့
'' ငါ " ရှိနေပါသေးလားလို့ တွေ့ရတယ် ၊
'' ငါ " အသက်ရှိနေနိုင်အောင် ပြုစု ပျိုးထောင်ရမယ်။
လို့ ရေးသားထားတာ စဉ်းစားစရာပါပဲ ။
နောက်တစ်မျိုးက စက်မှု အတတ်ပညာတွေ ထွန်းကားလွန်းလို့ လူသားဘ၀ ဆုံးရှုံးမှာကို တွန်းလှန်ဖို့ ဘ၀နဲ့ လူသားတန်ဖိုးကို အားပေးတဲ့ ရဲရဲတောက် ကဗျာတွေ ဖြစ်တယ်။ ဂျပန်ကဗျာဆရာ ကာဇူကို ရှီလေရှီ (Kazuko Shileshi ) ရဲ့ '' ဘောလုံးကစားသူ "
ကဗျာကို ကြည့်ပါ ။
သူသည်ဘောလုံးသမား ၊
ဘောလုံးကန်တယ် ၊ နိစ္စဓူဝ ဘောလုံးကန်တယ် ။
တနေ့
ကောင်းကင်ကို မြှောက်ပြီး ကန်လိုက်တာ
တင်နေလေရဲ့ ၊
ပြန်ကျမလာဘူးလေ ။
လူတွေက ထင်ကြတယ် ၊ အဲဒါဟာ နေ တဲ့
လ တဲ့ ဒါမှ မဟုတ် ကြယ်အသစ်တစ်လုံးပေါ့ တဲ့ ။
ငါ့အတွက်မှာတော့
ပြန်ကျမလာတဲ့ ဘောလုံးဟာ
ကောင်းကင်မှာ ချိတ်လို့နေပေါ့
အရောင်တောက်လာရင် သင်မြင်ရမှာပေါ့ ။
မြတ်နိုးလာယင်လေ ၊
ကြယ်လေးတစ်လုံး ဖြစ်လာယင်လေ ။ ။
အမှန်တော့ စစ်ဆန့်ကျင်ရေး ကဗျာတွေဟာ '' စစ် " ကိုချည်းပဲ သက်သက် ဆန်ကျင်တာ မဟုတ်ဘူး။
လူသားမျိုးပြုတ်အောင် ဖျက်ဆီးမယ့် အတတ်ပညာ နဲ့ လူသား အသက်ရှင်နေထိုင်ရေး အကျပ်အတည်း နဲ့ ဒုက္ခ
တွေကိုပါ ဖော်ပြနေတာ ဖြစ်ကြောင်း တွေ့ရတယ် ။
ကျော်ဇောနိုင်

ခုဆို
သတင်းစကားတွေအလွန်အကျွံ သောက်သုံးထားလို့
ကျွန်တော်တို့ မြို့ လေးက အိပ်ယာတွေ အိပ်ရေးပျက်နေပါပြီ ။
ကားမရှိတဲ့ လူတွေပေါ်မှာ လမ်းမတွေက တ၀ီဝီ လီဗာကုန်ဆောင့်ဆောင့်နင်းနေရသော
ခြေလက်များ
ကျောက်တူးသမားရဲ့ ကိုယ်လေးလက်ဝန် စိတ်လိုလက်ရ အဆောင်အယောင်တပ်မက်မှု
ဒီဂရီ အနိမ့်အမြင့်
နှုတ်ခမ်းတွေရဲ့ ရွေ့လျားမှုကို အရေးတကြီး စနစ်တကျ သယ်ယူပို့ဆောင်မှုစနစ်
ကုန်း/ရေ/လေ
ခြေရာခံစနစ် များ အဆင့်မြင့်လာမှု မြေပေါ်မြေအောက် ကလပ်စီးများ ၊ ဆဲလ်များ
ဆန့်ကားပျံကျဲလာမှု
ရွာက သာဒင်ကြီး အမှုမပြီးသေး သူ့အမှုက မရှိမှု ၊ မသိမှု ၊ မတတ်မှု များ
+ အလားတူအမှုကြွေးကျန်များ
အခြေအနေဟာ အချိန်အခါကို အချိန်ကိုက် မိုင်းဗုံးတွေရဲ့ အော်သံများ ၊
ဟားတိုက်ရယ်မောသံများ
အထူအပါးဟာ သတင်းထောက်မတစ်ယောက် ရဲ့ ချွေးနံ့ ပျောက်ဆေး
အပေးအကမ်းများ တဖျတ်ဖျတ်
ပါးစပ်ထဲဆွဲသွင်းလိုက်တဲ့ သီချင်းဟာ အမှန်လေးပါတဲ့ ... လန် ...လန် ထွက်
နေတဲ့ကဗျာများ
ဝစ်လစ်စလစ် များရဲ့ ခန္ဓာကိုယ်ပေါ်ထိုးသွင်းပေးလိုက်တဲ့ ဆေးမှင်ကြောင်များ
ခန္ဓာကိုယ်တစ်ခုစာ
တစ်ယောက်နဲ့တစ်ယောက် အသားချင်းပွတ်တိုက် ထိခိုက်လိုက်ရမှ အကြောအချင်ပြေ
သံခင်းတမန်ခင်း မီးခွက်မှုတ် ညနေခင်းများ
ထမင်းလုံးတစ္ဆေများရဲ့ ခြောက်လှန့်မှုဟာ အများပြည်သူကျီးလန့်စာစား
ပုဒ်မတပ်မရသောရောဂါများ
ငွေစက္ကူရိုက်ထုတ်နိုင်သလောက် စစ်ပွဲပေါင်းမြောက်များစွာ ရိုက်ထုတ်ခဲ့သော
စာအမှတ် ၂၀၁၁/....................
ကျည်သွားရာလမ်းပေါက် ဂျိုးငှက်ကို ဇရက်ထင် ကိုယ့်သွေးကိုယ့်သားကို မခင်တွယ်သော
ရောဂါသည်များ
လက်ကျန် ခွက်ကပ်နဲ့ရူးနေသော လက်သင့်ရာစားတော်ခေါ် ကင်မရာများ
တဖျတ်ဖျတ် ၊ တလတ်လတ်
အိပ်ချင်ပြေ အာသာပြေစကားဝိုင်းတစ်ဝိုင်းရဲ့တန်ကြေးတစ်နေ့
သိန်းပေါင်းဘယ်လောက် ... ဘယ်လောက်.... ဟွား ...
၂၀၁၂ မှာ ငရဲခွေးကြီးဟာ Enter တစ်ချက် ခေါက်လိုက်ရုံနဲ့ ကျွန်တော်တို့အပေါ်
တပ်ဆင်ပေးလိုက်သော ရွှေရည်စိမ်များ
နှစ်(၆၀)ဆယ် ညီညွှတ်ရေးနှင် အသက်ရှည်ရှည်ခင်ခင်မင်မင် လက်ရည်တစ်ပြင်တည်း
ဇီးရိုး ထမင်းဝိုင်းများ၏ မေးရိုက်သံခပ်ပြင်းပြင်းများ
အမှန်တရာမီးအိမ်ဆွဲထားသော အထည်ကြီးပျက်များ၏လက်ဖ၀ါး လက်ဖမိုးများ
တစ်ကြောင်းဆွဲအရေးအကြောင်း ပြဿနာများ
အတ္တကို ကိုယ်စီကိုယ်စီ မိတ္တူပွားပြီး တစ်ယောက်ကအစတစ်ရာထိ ဆက်လက်ဝေငှလိုက်ပါတယ် ။
Bo Han
တံတားကို ဖြတ်ကျော်ပြီးကာမှ
တမ်းတတတ်တဲ့ ရင်ဟာ
တခွင်လုံး မိုးသားတွေ ပြည့်လို့ ။
ညတစ်ခုလုံး ဆုံးပါးသွားလျှင်
စင်ကြယ်လတ်ဆတ်သော နံနက်
မိန်းမအရှက်ထက် ပိုချို
ဖူးငုံစအချစ်လို လှပ
အလွမ်းထက် ပိုနုနေမှာပေါ့ ။
မြစ်များကို ဖြတ်ခဲ့ကြ
တရံရောအခါက အသက်ရှုသံ
ပြင်းထန်မှုက လွဲပြီး မျဉ်းဖြောင့်
ငါ့မြင်ရင် ကြောက်သွားနိုင်တယ် ။
အဖြူပိန်းပိန်း နံရံပေါ်
ပွဲတော်ခေါ်သံများ စိမ့်ဝင်
ပျော်ရွှင်ခြင်းတွေ မီးသင့်လောင်
အရောင်သစ်ကို မြင်ကြရော့ ။
လက်တံမဲ့ နာရီသာ
ငါ့ခန္ဓာရဲ့ အတိမ် အနက်
ငါ့နှလုံးသားကို ချိန်စက်လို့
ငါ့ ပျော့ညံမှုကို ချစ်တတ်ပေရဲ့ ။
တရွတ်တိုက် ဆွဲသွားရာ
ငါ့တစ်ကိုယ်လုံး
အငွေ့တွေ တထောင်းထောင်း
ခေါင်းမှ ခြေဖျားအထိ ငြင်းဆန်
ယဇ်ကောင်ဟာ ကံကြမ္မာလော ။
ခုလိုညမျိုးဆို
လပြည့်ဝန်းကို ဓားနဲ့ပေါက်
သွေးငေါက်တောက် လက်နဲ့ခံယူ
ရိုင်းမူးစွာ ချစ်သူရဲ့ အမုန်း
သင့်တစ်ကိုယ်လုံး ခြစ်ရှသွားတော့မယ် ။
ပျိုရွယ်သော နေရောင်ခြည်
သက်မဲ့ပန်းချီကားများ လေးလံ
မွမ်းမံ ခြယ်သခြင်း စွန်းကွက်
............ ။
ချစ်ဖူးသူတွေ
အချစ်ခံရဖူးသူတွေ
ဤမြေကြီးပေါ် ယူကျုံးမရ
ဖုတ်ဖက်ခါ ထသွားကြ
အားကြလိုက်လေခြင်းကွယ် ။
ဖော်ဝေး
(၁၉၇၈ ၊ ဇူလိုင် ၃ရက်နေ့တွင် ကွယ်လွန်သော ကဗျာဆရာ
'' ဖော်ဝေး " ၏ ကဗျာများ မှ )
(၁)
သိဒ္ဓတ္တ , လေ
လောကအတွက် သစ္စာလက်ဆောင်
မေးရအောင်ကွယ့် ၊ သန်းခေါင်ငြိမ်ဆိတ်
လူခြေတိတ်မှာ
နန်းရိပ်မှ ခွာခဲ့တယ် ။
သစ်ရွက်တစ်ရွက်
တံတွေး တစ်စက်မျှ တပ်မက်ခြင်းဗလာ
တွယ်တာခြင်း အဖော် ၊ မဖိတ်ခေါ်ချေ
ယသော်ဓရာ ၊ ရာဟုလာတို့
မေတ္တာအချစ် ၊ ဝေးကျန်ရစ်ပြီ ။
ရေကြည် တစ်ငုံ
သဲတစ်မှုန်မျှ ခုန်မင်ခြင်း စင်ကြယ်
ခင်တွယ်ခြင်း တဏှာ ၊ ဖယ်ရှင်းခွာခဲ့
အာဏာနန်းတော် ၊ အဖော်ရံရွေ
မှန်ရွှေပလ္လင် ၊ တေးပဉ္စင်တို့
အခင်အချစ် ၊ စွန့်ကျန်ရစ်ပြီ ။
(၂)
တောခိုချင် စိတ်ကယ်နဲ့
သပိတ်ကို လွယ်
သရေနွယ်ကွဲ့ ရှာတုန်း ...... ။
ချောင် အနီးမှာလ
မောင်ကြီးကို တစ္ဆေကိုက်လိမ့်မယ်
မင်းလိုက်ခဲ့အုံး ..... " တဲ့
ရွှင်ပြုံးတသ ၊ ခဏ , ခဏ
သတိရနေ
'' စလေ ဦးပုည " ရဲ့
နဘေ မြူးခုန်ကြွတဲ့ ကဗျာတစ်ပုဒ် ...... ။
လောက အတွက်
ကဗျာလက်ဆောင် ၊ ဖေးရအောင်ကွဲ့
ငါဟဲ့ ယောက်ျား ၊ ငါနောက်ပါးက
မယားနဲ့သား ၊ ခါးဖက်ထားကြ
ဖ၀ါးမကွာ ၊ အနားမှာ နေ နော် ...... ။ ။
( 1979 ဇွန်လထုတ် ရှုမ၀မဂ္ဂဇင်း မှ )
ကဗျာဆ၇ာဆိုတာ သမိုင်းထက် ပိုပြီး လိုရင်း အမှန်တရားဘက်ကို နီးစပ်မှုရှိတယ်လို့ မိမိ ယုံကြည်တယ် ။ ကဗျာဆိုတာ သိပ္ပံ ပညာထက် ပိုပြီး ကမ္ဘာကြီးပေါ်မှာ မှန်ကန်စွာ ခံစား နားလည်တတ်တယ်လို့ မိမိ ယုံကြည်တယ် ။
ကဗျာ အတွေ့အကြုံနဲ့ ပတ်သက်ပြီး စကားလက်ဆောင် ပါးရရင်တော့ မိမိရဲ့ အတတ်ပညာက မိမိရဲ့ ကဗျာ (ဝေဒနာ) နောက်ကို တကောက်ကောက်လိုက်ရရင်မကောင်းဘူး ။မိမိ ဝေဒနာ (ကဗျာ) က မိမိရဲ့ အတတ်ပညာကို အလိုအလျောက် မောင်းနှင် သယ်ဆောင်သွားနိုင် ရမယ်။ ဝေဒနာက အတတ်ပညာကို ဦးဆောင်နိုင်ရမယ် ။
ဒါကြောင့် ကဗျာဆိုတဲ့ အနူပညာကိစ္စမှာ နိမိတ်ပုံရဲ့ ခွန်အားတွေ ၊ စကားလုံးတွေရဲ့ မှော် အစွမ်းတွေ ၊ ဝေဒနာရဲ့ စောင်းကြိုးတွေ နဲ့ ကမ္ဘာကြီးရဲ့ အသွေးအသား အသည်းနှလုံးတွေကို ဂီတသံ ထွက်လာအောင် တီးခတ် လှုပ်နှိုး နိုင်ရမယ်လေ ။
ပြီးတော့ ကဗျာဆရာဆိုတာ သံသရာကိုလည်း ချစ်တတ်ရဦးမယ်လေ ..... ။ ။
မောင်ခိုင်မာ
စာမော်ကွန်း (ဂ) ၇ / ၈၈

Subscribe to:
Comments (Atom)

- Follow Us on Twitter!
- "Join Us on Facebook!
- RSS
Contact