Tuesday, November 13, 2012

၃၄နှစ်သားနဲ့တည့်တည့်ဝင်တိုးတဲ့ 2012 Remix

၃၄မှာ နံရံတွေကျော်တက် ချောက်နက်ကြီးထဲ ခုန်ဆင်းပြုတ်ကျသွားသလိုလို လူတွေ

၃၄မှာ ပြောင်းနေတယ်ဆိုတဲ့ လေကြောမှာပျော်ပါး နေတဲ့ ဆပ်ပြာပူပေါင်းတွေ မြင်ရ
၃၄ မှာအညော်နံ့ဟာ ကောင်းကင်တစ်ဝိုက် ရစ်သိုင်းဖွဲခွေ
၃၄မှာ ကိုယ့်ခြေထောက် ကိုယ့်လက်မောင်းကို ကိုပြန်သလိုက်ရ
၃၄မှာ နောင်တွေးလိုက်ရင် ထင်းခနဲနေအောင် ကိုယ့်ကိုကိုယ်အလွတ်ကျက်ထားရ
၃၄မှာ ကမ္ဘာကြီးပေါ်က ငါ .... ဘယ်တော့ ပျောက်ကျသွားမလဲဆိုတာ ....  တွေး တွေးနေရ
၃၄မှာ ခုနှစ်အဆက်ဆက်ကတည်းက ဒီနွံထဲကို ပြစ်ချခံထားရကြောင်းမေ့လျော့
၃၄မှာ ကျည်သွားရာလမ်းကြောင်း ပျံကျဲသွားတဲ့ခေတ် စနစ် တောင်ကုန်းတောင်းတန်များ ဒုက္ခ
၃၄မှာ အိမ်ပြန်မရောက်လာတဲ့သားလေးကို မျှော်ခွင့်မရှိစေရဘူး
၃၄မှာ  တောင်တက်ယာခုတ်ရင်း မိုင်းထိ ဗုံးထိပြီး သေချင်းဆိုးနဲ့သေသွားခဲ့တဲ့ ယောက္ဖတွေအကြောင်းမပြောကြေး
၃၄ မှာ ကချင်မလေးတွေ လက်နက်ကိုင် ကျည်ထည့်နည်း ဆေးပေးမီးယူ
၃၄မှာ ပေးတာယူ ကြွေးတာစား အထက်ကနင်းထားရင်ခံလိုက်
၃၄မှာ တိုးမိကြ၊တိုက်မိကြ ၊ အရေးပြားတွေ ကွဲအက် ပြဲထွက် ခဲ့ကြ
၃၄မှာ နားလည်မှု ထပ်တူကြခြင်းအသံမှာ မာန်တွေ ၊ ဌာန်တွေ မေ့ပျောက်
၃၄မှာ လူစွမ်းကောင်းတွေလည်း မချိသွားဖြဲ အပြုံးကိုပဲ မျက်နှာမှာ တပ်ဆင်လိုက်ကြ
၃၄မှာ ခွဲရမှာ သိနေသလိုလို အပျိုပေါက်စမျက်နှာပေးနဲ့ ပြီးတော့ .............ပြီးတော့တွေ ......
၃၄မှာ အမွှေးတွေ တစ်ချောင်းမကျန်ဆွဲနှုတ်ခံရတဲ့ ကျီးအတစ်ကောင်ထက် ဘာမှမပိုသော ငှက်
၃၄မှာ ရှေ့လိုလိုနောက်လိုလို လမ်းသလားရုံအပျော်ဖတ်သက်သက်ခေတ်ပေါ်ဝတ္ထု
၃၄မှာ တွေးလိုက်ရင်သစ်တဲ့ အနာဖေးကိုတကျစ်ကျစ် ကုပ်ဖဲ့
၃၄မှာ စိတ်ကူးမှာ မေးတင်ကျန်ရစ်တဲ့ သက်ပြင်း အချင်းချင်းဆို နားလှည့်ပါးရိုက်
၃၄မှာ  ပရိသတ်ခိုက်သည်းချေကြိုက် အော်ဂတ်စတာ  ခြေရာပြန်ကောက်နေတဲ့ တီးလုံးမှာအခြေတင်
၃၄မှာ အလောင်းစည်သူကို မှုးမတ်တွေ ၀ိုင်းဝန်းလုပ်ဇာတ်ခင်း တဲ့ လက်ခမောင်းခတ်ပွဲ
၃၄မှာ အသံတွေက စုန်းစုန်းမြုပ်အောင်နာလာတယ်
၃၄မှာ ကိုယ့်အခွင့်အရေးကို လက်ယက်တွင်းထဲက တစိမ့်စိမ့်ခပ်ယူနေရသလို ပူတယ်
၃၄မှာ ဂငယ်ဟာ အောက်မှာ အပေါက်နဲ့ ဖားကောက်
၃၄မှာ ဆင်းစီးရတော့ မြင်းကိုကန်ထုတ်ပစ်ခဲ့ ဘုရားပြီး ငြမ်းဖျက်ရိုးကထုံးစံ သံသရာ အဆက်ဆက်
၃၄မှာ ဗိုလ်အောင်ဒင်တဲ့ ဇာတ်ထုတ် အသစ်ထွက်တယ်
၃၄မှာ  .... မေမေရယ် ... ပုံပြင်တွေက အိပ်ရေးပျက်ယုံသက်သက်
၃၄မှာ  ငှက်တွေဟာ  တဖြည်းဖြည်း အဝေးကို ပျံထွက်သွားပါပြီ

ကျွန်တော်ရဲ့ ၃၄ ဟာ
ဆပ်ကပ်ဆရာရဲ့ဓားချက်အတွက်
ဒဏ်ရာဖြစ်ရုံသက်သက် ကျုပ်တို့ဟာ စက်ဝိုင်းဖြစ်ပေးလိုက်ရုံ ။

Bo Han

0 comments:

Post a Comment

 
;