Tuesday, November 13, 2012

နံနက်ခင်း ချောက်ကမ်းပါး


တံတားကို ဖြတ်ကျော်ပြီးကာမှ
တမ်းတတတ်တဲ့ ရင်ဟာ
တခွင်လုံး မိုးသားတွေ ပြည့်လို့ ။

ညတစ်ခုလုံး ဆုံးပါးသွားလျှင်
စင်ကြယ်လတ်ဆတ်သော နံနက်
မိန်းမအရှက်ထက် ပိုချို
ဖူးငုံစအချစ်လို လှပ
အလွမ်းထက် ပိုနုနေမှာပေါ့ ။

မြစ်များကို ဖြတ်ခဲ့ကြ
တရံရောအခါက အသက်ရှုသံ
ပြင်းထန်မှုက လွဲပြီး မျဉ်းဖြောင့်
ငါ့မြင်ရင် ကြောက်သွားနိုင်တယ် ။

အဖြူပိန်းပိန်း နံရံပေါ်
ပွဲတော်ခေါ်သံများ စိမ့်ဝင်
ပျော်ရွှင်ခြင်းတွေ မီးသင့်လောင်
အရောင်သစ်ကို မြင်ကြရော့ ။
လက်တံမဲ့ နာရီသာ
ငါ့ခန္ဓာရဲ့ အတိမ် အနက်
ငါ့နှလုံးသားကို ချိန်စက်လို့
ငါ့ ပျော့ညံမှုကို ချစ်တတ်ပေရဲ့ ။

တရွတ်တိုက် ဆွဲသွားရာ
ငါ့တစ်ကိုယ်လုံး
အငွေ့တွေ တထောင်းထောင်း
ခေါင်းမှ ခြေဖျားအထိ ငြင်းဆန်
ယဇ်ကောင်ဟာ ကံကြမ္မာလော ။

ခုလိုညမျိုးဆို
လပြည့်ဝန်းကို ဓားနဲ့ပေါက်
သွေးငေါက်တောက် လက်နဲ့ခံယူ
ရိုင်းမူးစွာ ချစ်သူရဲ့ အမုန်း
သင့်တစ်ကိုယ်လုံး ခြစ်ရှသွားတော့မယ် ။

ပျိုရွယ်သော နေရောင်ခြည်
သက်မဲ့ပန်းချီကားများ လေးလံ
မွမ်းမံ ခြယ်သခြင်း စွန်းကွက်
............ ။

ချစ်ဖူးသူတွေ
အချစ်ခံရဖူးသူတွေ
ဤမြေကြီးပေါ် ယူကျုံးမရ
ဖုတ်ဖက်ခါ ထသွားကြ
အားကြလိုက်လေခြင်းကွယ် ။

ဖော်ဝေး

(၁၉၇၈ ၊ ဇူလိုင် ၃ရက်နေ့တွင် ကွယ်လွန်သော ကဗျာဆရာ
 '' ဖော်ဝေး " ၏ ကဗျာများ မှ )

0 comments:

Post a Comment

 
;