Friday, September 28, 2012 0 comments

၁၆နှစ်သားနဲ့စကားပြောခြင်း




သား .....
ကျွန်တော့စကား
မမှားမှန်း သူသိတယ် ။
သူနားမထောင်ချင်ဘူး

ကျွန်တော့်စကားဟာ
ခေတ်တရားနဲ့ မညီ
ပဝေဏီက ပေါရာဏစကားလို
နားမချိုစရာ ဖြစ်မိတယ် ။



သား
ကျွန်တော့်စကား
ပျားသကာလိုချိုပြီး
စေတနာပိုမှန်း သူသိတယ် ။
ဒါပေမယ့်
သူ့ နားမ၀င်ဘူး ။
ကျွန်တော့်စကားနဲ့ သူ့နား
ခေတ်တွေခြားခဲ့ပြီ ။
သူ့ခေတ် သူ့အကြောင်း နဲ့
ကျွန်တော့်ခေတ်စကားဟောင်း
နားပြောင်းပြန် ဖြစ်နေတယ် ။



သား
ကျွန်တော့်စကား
အဆင်တန်ဆာ များတယ်လို့ ထင်တယ် ။
စကားတန်ဆာ နားတန်ဆာဆိုတာ
ခါးတမာ ပါပဲ ။

မေတ္တာအပြုံး ဆေးဟာ
ခေတ်နဲ့ကွာတဲ့ အရှုံးပေးမှုပါပဲ
သား အရှုံးမပေးနိုင်ဘူး။
နှလုံးမအေးနိုင်ဘူး ။
အမုန်းသွေး ကြွနေတယ် ။
သားဟာ ဆူပါမင်း
သားဟာ ရမ္ဘုိ
သားဟာ ............ ။



ယဉ်ကျေးပျုငှာမှုတွေဟာ
အလိမ်အတုတွေပါပဲ
စကားလုံးဝါကျတွေဟာ
ဟန်ဆောင်မှုတွေပဲ ။
ဖေဖေတို့ လူကြီးတွေဟာ
လိမ်တယ်, ကောက်တယ် ။
အခွင့်အရေး တစ်မူးတပဲကို
ဘိန်းဖြူစွဲသလို စွဲနေတယ် ။
သားလူကြီးတွေနဲ့ မနေချင်ဘူး ။
သား သိုင်းသမားတွေနဲ့ နေမယ် ။
သေနတ်သမားတွေနဲ့ နေမယ် ။
တန်ခိုးရှင်တွေနဲ့ နေမယ် ။
သူရဲကောင်းတွေနဲ့ နေမယ်
သား စကားမပြောချင်ဘူး ။
ဖေဖေဟာ သားကို ချစ်မှန်းသိပါတယ်
သားကို ချစ်သလောက်
တရားကိုကော ချစ်ပါသလား ။



အလို ဗုဒ္ဓေါ
မလွယ်ကြောပါလား ။

တင်မိုး
၂၅ ၊ ၃ ၊ ၇၇
Thursday, September 27, 2012 0 comments

မုသားစောင်းသံ (ဆရာတင်မိုး ၏ စကားပြေ ကဗျာ )


မုသားများဖြင့် သုတ်လိမ်းထားသော စောင်းကြိုးကို တီးခတ်အံ့သောငှာ
ကြေးစားစောင်းသမားသည် လက်သံ စမ်းကြည့်၏ ။
ပိုးကြိုးနှစ်ကျစ်ထားသော စောင်းကြိုးမှ ကလိမ်ကကျစ်
တေးတစ်စလျှောကျလာခဲ့၏။

မာယာနှင့်ဖုံးအုပ်၍ သစ္စါရုပ်ဆင်ထားလင့်ကစား ညှိထားသောအသံ
မမှန်မကန်ထွက်လာသည်ကို နားဆင်နေကြသော ပရိသတ်သည်
မျက်တောင်မျှ မခတ်၊ရင်မျှလည်းမသပ် ၊ လျှပ်ပေါ်လော်လီသည့်
တေးကို ငေးနေကြကုန်၏ ။

ဇာတ်ခုံ၏ ရှေ့တန်းဆီမှ မုဒိတာသံ မထွက်သော လက်ခုပ်သံအနည်းငယ်
ထွက်၍လာ၏ ။ “ရှက်ဖွယ်တကား ..... ရှက်ဖွယ်တကား  ” ဟုနားထဲ၌
ကြားယောင်နေသော ပရိသတ်ကား မနေတတ် မထိုင်တတ် ဖြစ်ဘိ၏ ။

ထိုနောက်မြို့ဝန်မင်း၏ ဆုငွေထုပ်ကို ဒူးတုပ်လက်ခံသော
စောင်းသမားသည် ပရိသတ်အား ပြစားတီးခတ်ပြလေရာ မကြာမီ
ထောင်းခနဲ စောင်းကြိုး ပြတ်လေသတည်း ။

ပရိသတ်အား လှည့်စားအံ့ငှာ အနုပညာမာယာသုံးက
လူမုန်းများ ဟူ၏ ။

တင်မိုး
၂၀.၇.၉၈
0 comments

နယ်စပ်ဘ၀ စပ်မိစပ်ရာ(၆)


“မွေးဌာနီ အညာရပ်ဆီသို့ .... မျှော်ရည်မျှာ်မှန်းစိတ်ဝယ်တမ်းတ လွမ်းရပါသည် ”
“အလဲ့ ... သီချင်းလေး တစ်အေးအေးနဲ့ပါလားဗျ ... နေ့တွက်ကိုက်ခဲ့ပြီထင်ပ ”
“မဟုတ်ပါဘူးဗျာ ဒီလိုပါပဲ။...ပါးစပ်ထဲတွေ့ရာဆိုလိုက်တာပါ ”
“အဲဒါက အကြောင်းမဟုတ်ဖူးဗျ ။ခုလိုပြောင်းလဲနေတဲ့ခေတ်ကြီးမှာ တောင်းတဲ့   ကောင်လေးတွေတောင် မွေးဌာနီကျော်ပြီ .... စိုင်းစိုင်းခမ်းလှိုင်နဲ့တောင်းတဲ့
  ခေတ်ရောက်နေပြီဗျ ”
“ မတတ်နိုင်ဘူးဗျို့  ...... စိုင်းစိုင်းနဲ့တောင်းတာ ကိစ္စမရှိဘူး။ဂျောက်ဂျက်နဲ့
  တောင်းရင် စောက်ကျိုးတွေနဲကုန်ဦးမယ် ....  သွားပြီဗျို့  ”
                      (၁)
“ ဦးရယ် သားထမင်းမစားရသေးလို့ ထမင်းဖိုးလေး သနားပါ  ”
“ သားရယ် မင်းအရွယ်နဲ့မင်းကိုင်တဲ့ခွက်က ကြီးနေသလားလို့ ၊
  ထမင်းမစားရသေးရင်လာ ဦးကြွေးမယ်လေကွာ ”
“ ထမင်းလား အင်း .... ဦး သားကိုထမင်းဖိုးပဲ ပေးလိုက်ပါလား ၊ သားမှာ
   ညီလေး နဲ့ ညီမလေးတွေရှိသေးလို့ပါ ”
“ အောင်မာ ...မင်းမှာ ညီ၊ညီမလေးရှိသေးတယ်ဆိုတော့ မင်းအဖေ၊မင်းအမေကို
  ငါမပြောလိုက်ချင်ဘူး”     “ ဟီးဟီး ... ”
                         (၂)

“ လောပန်း ... လုပ်ပါဗျာ ... ဒီတစ်စီးတော့ ကျွန်တော်တို့ ပေးလိုက်ပါ။
   ဒီနေ့ ဘာကုန်မှ မထမ်းရလို့ ထမင်းတောင်မစားရသေးဘူး ”
“ ဟာကွာ ... မင်းတို့ တော်တော်ရှုပ်တာပဲ ငါ ဟိုအဖွဲ့ကို ပြောပြီးပြီကွ၊
  အေးအေး မင်းတို့ ထမ်းချင်ရင် ဟိုကောင်တွေကို ခွဲပေးခိုင်းလိုက်မယ်။ခါတိုင်းဈေးတော့
  မပေးနိုင်ဘူးနော် ။ အရောင်းအ၀ယ်က အရင်လိုကောင်းတာမဟုတ်ဖူး ”
“ အင်း .... ရပါတယ် လောပန်းရယ် ထမင်းဖိုးရရင် ပြီးသာပါပဲ ”

                      (၃)

“ ကိုရယ် ... ကားမဆင်းခင် နှင်းကို အဲဒါလေးဝယ်ပေးခဲ့နော် ကို့ ”
“ အေးပါ နှင်းရယ် .... အပြန်ဂိတ်ရှင်းလေး တွက်ပြီးရင် ၀ယ်ပေးခဲ့ပါမယ် ”
“ ဒီနေ့ည ဧည့်သည်လက်မခံနဲ့ဦးနော် ကိုလာခဲ့မယ် ”
“ အဲဒီလို မရဘူး ။ပိုက်ဆံပေးခဲ့ ကိုမလာရင် အော်ဒါကြေး နှင်းပေးရမှာ ”
“ အေးပါကွာ မင်းကလည်း တကယ် .... ရော့ ... မင်းဝယ်ချင်တာ ၀ယ်လိုက်
  ည ဒီမှာ မအိပ်ဖူး တည်ခိုခန်းသွားမယ် ”
“ ဟေး ... ဒါမှ ကျုပ်မောင်ကြီးတော့ ... ညကြရင် ရှယ်ပြုစုပေးမယ် ”

                    (၄)

“ ဒါနရှင်များရှင့် ......... ”
“ ဆရာလေးတွေ ..... ဘယ်နှစ်ခေါက်ရှိပြီလည်း ၊ ဒီနေရာပဲ လှည့်ပတ်နေတယ် ”
“ တကာမကြီးရယ် ... ဆရာလေးတို့ကို ကန့်တော့ဆွမ်းပါဆိုရင်လည်း ရပါတယ် ၊
  ဆရာလေးတို့ အလှူခံတာက ဆန် တစ်ဇွန်းနှစ်ဇွန်းပါ ”
“ ဆရာလေးတို့က တစ်စွန်းနှစ်စွန်းရတာ ကျမတို့က အပါးများတော့ ဘယ်လောက်များ
   မလဲ ဆရာလေးစဉ်းစားကြည့် ”
“ သာဓုပါ .... သာဓု ..... သာဓု ”

                      (၅)

“ လူလေးရယ် အမေတို့ အိုကြီးအိုမ ဘ၀က ဒီလိုပဲ တောင်းရမ်းပြီး ဇာတ်သိမ်းရမှာပါ ”
“ မဟုတ်ဖူးလေ အဘွားရဲ့ ကိုယ့်အိမ်ကိုယ်ပြန်ပေါ့ ”
“ ဘယ်လိုပြန်ရမလဲ သားရယ် .... သူများတွေ ၊ ငယ်ရွယ်သူတွေလို ကားသမား
  လင်လုပ်ပြန်လို့လည်းမရ ၊ ပြန်ဦး ရွာမှာလည်း သားသမီးတွေကို ကိုယ်ကလည်း
  မကယ်နိုင်၊သူတို့ကလည်း မကယ်နိုင်တဲ့ ဘ၀ ဘာများထူးဦးမှာလည်း ”
“ အဘွားရယ် ဒီမှာက သေရင်တောင် သရဏဂုံတင်ပေးမဲ့ ဘုန်းကြီးမရှိ ၊ သချိုင်း
  မရှိ ဘာမရှိနဲ့ ”
“ သားရယ် ... ရှင်နေလျက်တောင် ဘာမှ မရှိတဲ့ဘ၀၊သေသွားတဲ့ အချိန်ဘာဂျီးများ
  နေရဦးမှာလဲ ။အပူတွေ အပူတွေ သေမှ အေးမှာပါ သားရယ် ”
“ ဟုတ်ကဲ့ပါ အဘွားရယ် ..... ကျွန်တော်လည်း ..........”

                       (၆)

“ ဆရာ ကျွန်တော် ပစ္စည်းနည်းနည်းပါတယ် ။၃ပုလင်း ယူထားလိုက်ပါ ဆရာရယ် ”
“ ဟေ့ကောင် .... မရဘူး ။မင်းတို့တင်လာတာ ကြည့်ဦး ငါးထောင်တော့ပေး ”
 “  ဝေပေးရမယ့် အဖွဲ့တွေကများတယ်။ကာစတန်၊ ရဲ ၊ ကျန်းမာရေး ၊ စအဖ ၊ ကညန မင်းတို့ မသိလို့ ငါတို့ မှာလည်း အများကြီးပဲ ဝေစားမျှစားရယ် ဟေ့ဟေ့ ဆိုင်ကယ် တစ်စီး ၁ထောင် တော့ပေးကွ ”
“ ကိုယ့်စာအုပ်ကို သေချာကြည့်ဦး အ၀င်အထွက်ရိုက်မထားတာ ၂လ ကျော်နေပြီ
  ထောင်ချပြစ်လို့ ရတယ် နားလည်လား။ဒဏ်ကြေးဆောင်သွား ၁၉၀၀၀ ဆောင်ရမယ် ”
“ ဆရာရယ် မလုပ်ပါနဲ့ဗျာ .. အ၀င်အထွက် ၃၀၀ မဆောင်နိုင်လို့ပါ ။ ခိုးပေါက်
  က မသွားချင်ပါဘူး။ဒီအ၀င်အထွက်စာအုပ်တောင် ၁၂၀၀၀ ပေးလုပ်ထားရတာပါ ဆရာရယ်”
“ မရဘူး ... မရဘူး ။မင်းတို့က စည်းကမ်းကို မရှိဘူး။ အမြဲတမ်း ဒီလိုပဲ လုပ်နေမှာ ”
“ အဲဒါဆိုလည်း ဆရာကြိုက်သလိုသာ အရေးယူပါတော့ ဆရာရယ် ”
“ မင်းမှာ ဘယ်လောက်ပါ ..... ပါသလောက်ပေးခဲ့ ”
“ ဒီနေ့ ကုန်ထမ်းရတဲ့ ၂ထောင်ပဲပါပါတယ် ဆရာ ”
“ အေး ... အဲဒါပဲ ပေးခဲ့ ... မင်းတို့ကောင်းကောင်းသတိထား ... နောက် ဒါမျိုး မဖြစ်စေနဲ့ ”
“ ဟုတ် ... ဟုတ်ကဲ့ ..”

                 (၇)

“ ဦးစိုးကြီးရ ... ကျုပ်တို့နိုင်ငံက ယူထားတဲ့ အကြွေးတွေက များလှချေလားဗျ
  ဘယ်လိုများပြန်ဆပ်မှာပါလိမ့်”
“ ဟကောင်ရ .... ပြန်ဆပ်ရင်တော့ ... များတာပေါ့မောင်ရာ။ ပြန်ဆပ်မယ်လို့
  မင်း ဘယ်သူပြောတုန်း ”
“ အန် ... ခင်ဗျားကလည်းတော်တော် နောက်တယ် ”
  ဦးစိုးကြီး နဲ့ သောင်စင်ရေမရစကားတွေ လျှောက်ပြောရင်း ဘာမဆိုင်ညာမဆိုင်
  သီချင်းလေး ထညည်းလိုက်မိတယ် ။
“ အရှေ့ကို လျှောက်ပါလို့ ၊ အနောက်ကိုတဲ့ မျှော်လိုက်ရင်း .. မျှော်လိုက်ရင်း ...
  တံခွန်တိုင် ၊ ရွှေကုက္ကါးနဲ့ ဘုရားလေးလေး ... ဘုရားလေးလေး ... ဘုရားကိုမြင် ”
တူနှယ်တယ်နဲပြောင် ... တူနှယ့်တယ်နဲ ပြောင် .. ပြောင် ... ပြောင် ... ပြောင် ...
လ ပြောင်။
အော် တောင်းတဲ့သူနဲ့ရမ်းတဲ့သူနဲ့ တောင်းရမ်းစားသောက်ကြသူတွေ ၊ လှူတဲ့သူနဲ့ ၊ အလှူခံတဲ့သူနဲ့ အလှူခံပုံးကြီး ဖြစ်သွားရတဲ့သူနဲ့ ။

Bo Han
0 comments

နယ်စပ်ဘ၀ စပ်မိစပ်ရာ(၅)


ကျယ်ခေါင်သမိုင်းကြောင်းပြောရင် (၄)လမ်းမပါရင် မပြီးသလို မိညို မပါရင်လည်းမပြီးဘူး။
မိညိုအကြောင်းပြောရင် သူပြောနေကြ “ မိညို အပိုမပြောဘူး ” ဆိုတာနဲ့ အရင်စရမယ် ။နို့မိညိုက ဘာလုပ်တုန်းမေးရင် မိညိုဆိုတာ (၄)လမ်းမှာ ရာမ ၊ ဖိုးရောင်းတယ်။မျက်လုံး တစ်ဖက်တိမ်တွယ်တစ်ဖက်က အဝေးမှုန်။စာမတတ်ပေမတတ်နဲ့ဆိုတော့ ယောက်ျားတစ်ယောက်ကို စာဖတ်ပြဖို့ ယူလိုက်ရတယ်ဆိုပဲ။သူဖတ်ခိုင်းတာက ကာတွန်း၊ရုပ်ပြတွေ။
ယူလိုက်တဲ့ ယောက်ျားက စာတတ်ပေမဲ့ဆေးသမား။ မိညိုကတော့
သူ့ယောက်ျားကို အခန်းတွင်းမှာပဲ နေစေတယ်။မိညိုလို့သာ ပြောရတာ အသက်က(၄၀)ကျော်၊ကလေး
နှစ်ယောက် အမေ။
   “ မမိညို ခင်ဗျားစာမတတ်ဖူးလည်းဆိုသေး စာအုပ်တွေ ဒီလောက်အများကြီး မထပ်အောင် ဘယ်လိုရွေးလဲ ”
“ မိညို အပိုမပြောဘူး .... ဘယ်လိုရွေးလဲဆိုတော့ အရုပ်ကြည့်ရွေးတယ် အဲလောက်တော့ မှတ်ညဏ်
  ကောင်းပါသေးတယ် ”
အဲဒါတော့ ယုံတယ် ။မမိညိုဆိုတာ ကျွန်တော်တို့ ကျယ်ခေါင်ရဲ့ အဘိဓါန်ကြီး။ အနှစ် ၃၀ အတွင်း ကျယ်ခေါင် အကြောင်းဘာမေးမေး သူမသိတာ မရှိ။ “ မိညို အပိုမပြောဘူးက အစချီပြီး ခင်ဗျားကို ပြောပြပါလိမ့်မယ် ” ။
“ မမိညို ညက ကိုဇော်ထွန်းတို့ ဘာဖြစ်တာလည်းဗျ ”
လူမိုက် ဇော်ထွန်း ညကတရုတ်လူမိုက်တွေနဲ့ရန်ဖြစ်တဲ့ ကိစ္စကိုမေးကြည့်လိုက်တယ် ။
“ အေး .... မိညို အပိုမပြောဘူးနော် .... ညက ဇော်ထွန်းလေ ရေစိမ်ဆိုင်မှာ တရုတ်၎၊၅ယောက်လောက်ကို ၀င်ခုတ်တာ ။ဗွီဒီရိုထဲက အတိုင်းပဲ ။ ကြည့်လို့ကောင်းလိုက်တာ ။ဇော်ထွန်းက ဦးထုတ်ကြီးဆောင်း၊၀ိုင်းတစ်ဝိုင်းမှာထိုင် အခြေအနေကြည့်ပြီး ခေါက်ဆွဲစားနေ
တဲ့ တရုတ်တွေကို တုတ်နဲ့ အရင်ဖြတ်ရိုက်ပြီး သူ့ငှက်ကြီးတောင် ဓားကြီးနဲ့ခုတ်ချလိုက်တယ်။တရုတ်
တစ်ကောင် လက်မောင်းမှာခုတ်မိတယ်။သူနဲ့ပါတဲ့ တရုတ်တွေ ဘယ်လောက် သတ္တိကောင်းလဲ ပြေး
လိုက်တာ တန်းနေတာပဲ ။ဇော်ထွန်းကကျန်နေခဲ့တဲ့ အကောင်ကို သေအောင် မခုတ်လို့ တော်သေး
တယ်။ မိညို အပို မပြောဘူးနော် .....  ” ဆိုပြီး ကိုဇော်ထွန်းဋီကာကြီး ကိုဆက်ဖွင့်ပါတော့တယ် ။
“ နေပါဦး မမိညို ရဲ့ ခင်ဗျားက မျက်လုံးလည်း မမြင်ရဘဲနဲ့ ပြောပြလိုက်တာ က အသေးစိတ် ”
“ မိညို အပိုမပြောဘူး ..... ညက သူတို့ဝိုင်းဘေးမှာ ငါထိုင်ပြီး ရေစိမ်တစ်ပွဲ မှာစားပြီး ဈေးရောင်းနေတာ ”
“ မမိညို ဒါမျိုးကြ ခင်ဗျား မျက်စိက မြင်သလား ”
“ မိညို အပိုမပြောပါဘူး ။ ဇော်ထွန်းတကယ်တော်တယ် ။ အနီးကပ်ဆိုတော့မြင်တာပေါ့ဟဲ့ ငါ့မျက်စိနဲ့
သေချာတပ်အပ်မြင်တာ ။ဒီကျယ်ခေါင်မှာ ငါနေလာသမျှ တရုတ်ကို ပြောင်ခုတ်ရဲတဲ့ကောင် တစ်ကောင်မှ မရှိဘူး ”
“တရုတ် ခုတ်ရဲတာနဲ့တော့ တော်တယ်လို့  ပြောလို့ မရပါဘူးဗျာ ”
ကျွန်တော်လည်း ကိုဇော်ထွန်း အကြောင်းသိချင်တာနဲ့ နဲနဲဆွပေးလိုက်တယ် ။
“ဟဲ့ .... မိညို အပိုမပြောဘူး ။ ဇော်ထွန်းဆိုတာ သူ့ဟာသူ သူခိုး ၊ ဒမြတွေဆီက မိုက်ကြေးခွဲစားချင်
စားမယ်။ကောင်းရောင်းကောင်းဝယ်လုပ်စားတဲ့ သူတွေကို ဘယ်တော့မှ ဒုက္ခမပေးဘူး ”
“နို့ ..... ဒါဆို ခင်ဗျားတို့ ဆီကရော ...”
“ မိညို အပိုမပြောဘူး ငါတို့ လောကမှာလည်း ဇော်ထွန်း ဆပ်ကြေးကောက်တဲ့ လူတွေက သပ်သပ် ရှိတယ်။ငါတို့က အလိုက်တသိ သုံးဖို့စွဲဖို့လေး ပေးလိုက်ရင်ပြီးရော ။ရဲကင်းပတ်မယ်ဆို လာအကြောင်းကြားပေးတယ် ။လူမိုက်လုပ်နေပေမဲ့ ဘွဲ့ရပညာတတ်အသိဥဏ်ရှိတယ်။ ဟိုစာအုပ်ထဲ က လမ်းမတော်ဖိုးတုတ်လိုမျိုးပေါ့ ........ ”
အင်း ကိုဇော်ထွန်း အကြောင်းတော့ တော်တော် သိလိုက်ရပြီ ။
“ တော်ပါဗျာ .... မမိညိုက ခင်ဗျားယောက်ျား ဖတ်ပြတဲ့ စာအုပ်ထဲက ဟာတွေ ဇာတ်လမ်းဆင်ပြီးပြောနေတာပါ ။ မမြင်မကန်းနဲ့ ဟုတ်မယ် မထင်ပါဘူး ”
“ ရော ခက်ပြီ ...... မိညို အပိုမပြောပါဘူး ”
“ ကျုပ်ကလက်တွေ့ လေဗျာ ... ခင်ဗျား မမြင်တာက အရေးမကြီးဘူး ကျုပ်က တစ်ဘ၀လုံးစာ ခံခဲ့ရတာ ”
“ အေးဟယ် .... မိညို အပိုမပြောပါဘူး အဲဒီ ကိစ္စငါတောင်းပန်ပါတယ် ”
မမိညို ပြန်တွေးပြီး အတော် စိတ်မကောင်း ဖြစ်သွားပုံရပါသည် ။အဲဒီတုန်းက အဖြစ်မပျက်ကို အခုတွေးကြည့်တော့လည်း တကယ်ရယ်စရာပါ။
  ကျွန်တော့်စာအုပ် သုံးဘီးလေး လေးလမ်းမှာ ရောက်လာပြီဆို ဖာသည်မ ဖိုးရောင်း၊ရာမရောင်းတဲ့ သူတွေ အပြေးအလွှား ရောက်လာတတ်ကြတယ် ။
တစ်နေ့တော့ ..... တရုတ်ရဲတွေက ကျွန်တော် စာအုပ်တွေ ဟိုကြည့်ဒီကြည့်ဟိုလှန်ဒီလှန်နဲ့ လျှောက်
ကြည့်နေတယ်။ အဲဒီအချိန်မှာ မမိညို စာအုပ်တွေ တပွေ့တစ်ပိုက်ကြီးနဲ့ လျှောက်လာတယ် ။ သူတို့မှာ
ရောင်းတဲ့ ပစ္စည်းတွ ကိုယ်ပေါ်မှာ အမြဲပါတတ်တော့ “ မမိညို ..... မမိညို ”ဆိုပြီး အတင်းအော်မိတယ် ။ ကျွန်တော်က အော်လေ ..... သူကခပ်မြန်မြန်လျှောက်လာလေ .... သူလျှောက်လာလေ ကျွန်တော်က အော်ရလေ .... ။ ဒီရဲယူနီဖောင်းကြီးနဲ့တရုတ်ရဲတွေကို  သူမြင်မယ် ထင်တာပေါ့ ။ ကျေးဇူးရှင်က မမြင်တဲ့အပြင် သူ့ပစ္စည်းထုတ်နဲ့ စာအုပ်တွေကို ကျွန်တော် ဆိုက်တွဲပေါ်တင်လိုက်ပါလေရော ။တရုတ်ရဲကလည်း ပစ္စည်းထုတ်လည်းမြင်ရော သူလက်ကို လက်ပြန်ဖမ်းချုပ်ပြီး ခေါင်းပေါ်လက်တင် ငုတ်တုတ်ထိုင်ခိုင်းလိုက်တယ် ။ အဲသူ့တင်မကဘူး ကျွန်တော့်ပါ အဲလိုလုပ်ခိုင်းပြီး စခန်းခေါ်သွားပါလေရော ။စခန်းရောက်တော့ ပိုက်ဆံနဲ့အရွေးခိုင်းတယ် ။ မမိညိုလည်း ကျွန်တော်နဲ့ဘာမှ မပတ်သက်ကြောင်း ပြောပေးပါတယ် ။ဒါပေမယ့် မရဘူး ။တထောင်ဆိုတော့ ကျွန်တော်လည်း ဘယ်တတ်နိုင်ပါ့ မလဲ ။ မမိညို ဘယ်လိုလုပ်မလဲပေါ့ ။
“ မိညို ... အပိုမပြောပါဘူးဟယ် ။ ဘယ်တတ်နိုင်ပါ့မလဲ ။ငါစိုက်ပေးပါ့မယ်။တရုတ်ရဲတွေ ငတ်ကြီးကို
ကြတယ် ။ငါဆီကတောင်းထားတာ ဘယ်လောက်မှ မကြာသေးဘူး ။ ဒီကောင်တွေက အသစ်တွေ ”

အဲဒါနဲ့ ကျွန်တော်က တစ်ထောင် ၊မမိညိုက တစ်သောင်းနဲ့ ပေးထွက်လာခဲ့ရတယ် ။တစ်သက်နဲ့တစ်ကိုယ် အချုပ်ထဲ ပထမဦးဆုံးရောက်ဖူးတာပေါ့ ။
“နို့  မိမိညိုရ အဲဒါဆို ခင်ဗျားတို့ ဘယ်ချောင်မလဲဗျ ”
“ မိညို အပိုမပြောဘူး .... ။ ရာမရောင်းလာတာ နှစ်ဘယ်လောက်ရှိပြီလဲ ။ငါတို့ ချမ်းသာသွားပါ့လား
နင်မြင်တဲ့ အတိုင်းပဲ ဝေစားမျှစား ပဲ ။ တစ်လတစ်ခါ ပေးရတယ် ။အရောင်းအ၀ယ်မကောင်းလို့ သူတို့ကို ရှောင်မိရင် အဖမ်းခံရရော ။မုန့်စားပွဲ ၊ နှစ်သစ်ကူးဆို ရှယ်ပေးရတာတော်ရေ့  ..... မိညို အပိုမပြောဘူး ”
“ ဒါနဲ့များ တခြားကောင်းရောင်းကောင်းဝယ်လုပ်စားပါ့လားဗျာ .... ”
“ မိညို အပိုမပြောဘူး ..... ငါ့ရုပ်ငါ့ရည်၊စာမတတ်ပေမတတ်နဲ့ ဘာသွားလုပ်စားမလဲ ... ။အချက်အပြုပ်ကြတော့လည်း ငါတောကလာတာ။ငါချက်တာ ငါ့ယေက်ျားဘိန်းစားတောင် မစားဘူး။မလွယ်ပါဘူးဟာ ငါအကုန်လုပ်စားဘူးပါတယ် ”
“ အဲ .... မမိညိုကလည်း အမနဲ့အတူတွဲနေတဲ့ ဟို မမိုးနန္ဒာ ဆိုတဲ့ အမကြတော့ အဆင်ပြေနေတာ
ပဲ ”
“ဟဲ့ ... မိညို အပိုမပြောဘူး။သူ့ကြောင်းနင်ဘယ်လောက်သိလို့လည်း အဲကောင်မကြောင့် ငါနဲ့ ညွှန်ဝေ
ဘ၀ပျက်ရတာ ပေါ့ ”
“ဘယ်လိုကြောင့်တုန်းဗျ ”
ကျွန်တော်လည်း စကားထိုင်ပြောလက်စနဲ့မထူးဘူးဆိုပြီး ထပ်ဆွပေးလိုက်တယ် ။
“ဟုတ်ပါ့တော် ..... ငါရယ်ညွှန့်ဝေရယ်၊မိုးနန္ဒာရယ်က တစ်ရွာထဲ ။ဒီမှာ အိမ်ဖော်လုပ်ရမယ် ဆိုပြီး ခေါ် ၊နောက် ဦးမောင်မောင် ဘိမှာ ငါတို့ကို ရောင်းစားလိုက်တယ်။အဲဒီတုန်းက တရုတ်ကိုရောင်းတာက
ခေတ်မစားသေးဘူးလေ ”
“ အောင်မာ .... မမိညိုကြီး က တရုတ်က ၀ယ်ရင်တော့ အရောင်းစားခံမဲ့ ပုံပေါ့ ”
“ မိညို အပိုမပြောပါဘူးဟယ် ... အဲဒီလောကထဲက ထွက်ပြီး အစုံလုပ်ကြည့်ရင်း ဒီဘ၀ရောက်ခဲ့တာ။
မိုးနန္ဒာက ဗိုလ်မှုးဟောင်းတစ်ယောက်က မယားငယ်ထားပြီး တော်ကောက်တော့ ဒီဘ၀ရောက်သွား
တာပေါ့ ။ခုသူက ငါတို့ကိုနေ့ပြန်တိုးပေးစားတယ်လေ။တစ်သောင်းယူရင် ၁၄ရက် သောင်းလေးထောင်
သွင်းရတယ်။ အဆင်ပြေတာပေါ့ ”
အဲဒါကြောင့်ပြောတာ မမိညိုက ကျယ်ခေါင် အဘိဓါန်ကြီးပါဆို ။ လူတွေအကြောင်းပြီးတော့ ပထ၀ီအနေအထား ဆက်မေးရတယ် ။
“ ဒါနဲ့စကား မစပ် မမိညို အမြဲတမ်း ဟိုနေရာကို သွားသွားကြည့်တယ်နော်  ”
“ ဘယ်နေရာလည်း ”
“ မြန်မာ သူရဲကောင်းများသချုင်္ိင်း ဆိုပြီး အုတ်နံရံမှာ ရေးထားတဲ့နေရာလေ ဆေးသမားတွေ တချို့လူတွေ သေရင်အဲဒီနား ဘာလို့ လာလာပြစ်ထားတာလဲဗျ ”
“ မိညို အပိုမပြောဘူး .... ကိုယ့်ဖောက်သယ်တွေ ဘယ်သူတွေ ရှောသွားကြပြီလည်း ဆိုတာ သွားသွားကြည့်တာ။ကိုယ့်အပေါ် ကျေးဇူးရှိခဲ့ဖူးတဲ့ သူတွေဆိုတော့ ကိုယ်တတ်နိုင်သလောက်ကူညီ
တာပါ ”
“ အင်းနော် .... ဆေးသမားတွေကသစ္စာတော့ အရှိသား အချင်းချင်းသွားပြီးပစ်ပေးကြတယ်နော် ”
“ဘယ်ကလာ မိညိုအပိုမပြောဘူး ..... ငါတို့ ဗမာတွေသေရင် ဘယ်နေရာသွားပစ်မလဲ ... သေစရာသချိုင်းတောင်မရှိဘူး။ရွှေလီမြစ်ထဲ ခိုးပစ်ရင်ပစ် ဒါမှ မဟုတ် တာဝန်ယူမဲ့သူမရှိတဲ့ အလောင်းဆို ဒီနေရာလာပစ်ပေါ့ ... အဲဒါကို ငါတို့က တတ်နိုင်သလောက်တာဝန်ယူရတယ် ”
“ သချိုင်းတွေ ရှိတာပဲဗျ .... ပြောဆိုပြီး ချလို့မရဘူးလား ”
“ မိညို အပိုမပြောဘူး .... ရှမ်းရွာသချုင်္ိင်း၊တရုတ်သချုင်္ိင်း ဘယ်ကမှလက်မခံဘူး၊ငါတို့ မှာ သေရင်မြေ မရှိဘူး၊အဲဒါကြောင့် ပိုက်ဆံကောက်ပြီး သချုင်္ိင်းမြေနေရာ ၀ယ်တာတောင် ဘယ်မှဝယ်လို့ မရဘူး။မိညို အပိုမပြောဘူး .... မန္တလေးနင် သွားကြည့်စမ်း ....... ”
“တော်ပါ မမိညိုရယ် ....အပိုတွေ မပြောစမ်းပါနဲ့ .... နိုင်ငံရေးတွေ မပါကြေး ”
“ အေး ... နိုင်ငံရေး ဆိုလို့ ဟိုစာစောင်လေး တွေမဖတ်ရတာကြာပြီ ။ လုပ်ပါဦးဟ ”
“တော်ပါဗျာ ... ခင်ဗျားတော့ ကြောက်လွန်းလို့ ..... ကျုပ်မှာ မနည်း ဖြေရှင်းယူရတယ် ”
“ ဟို မသာ မူးယစ်ကအကောင်လေ .... အိမ်မှာဆေးလာရောင်း၊ဆေးလာချရင်းတွေ့ သွားပြီး စသုံးလုံးကို အာသွားချောင်တာ ”
မမိညို ဆိုတာအဲလို ။စာမတတ်ပေမတတ်နဲ့နိုင်ငံရေးကလည်း စိတ်ဝင်စားသေး ။ကျွန်တော့်ဆီက မစ္ဇျိမ
စာစောင်တွေယူပြီး သူမောင်တော်ကို အဖတ်ခိုင်းတယ်။ကိုယ်တော်ချောကလည်း ဖတ်ပြီးသိမ်းမထားဘူး မူးယစ်ကတစ်ယောက်လာတော့ တွေသွားပြီး ကျွန်တော့်ကို စသုံးလုံးက ခေါ်စစ်
လို့ မနည်းဖြေရှင်းယူရတယ် ။
“နေပါဦး ခင်ဗျားက ဆေးလည်းရောင်စားသေးတယ်။နိုင်ငံရေးနဲ့ခင်ဗျားနဲ့ဘာဆိုင်သတုန်း ”
“မဆိုင်ပဲလားတော် .... မညိုအပိုမပြောဘူး။ကိုယ်စာမတတ်ပေမဲ့ ကိုယ့်သားသမီးတွေ ခေတ်ကိုမျှော်ရသေးသတော့် ”
“ ဒါနဲ့ကလေးတွေက ဘယ်နှစ်တန်းရောက်ပြီတုန်းမမိညိုရဲ့ ”
“ မိညိုအပိုမပြောဘူးနော် ...အကြီးက ဒီနှစ်၉တန်း၊အငယ်က (၇)တန်း ၊ မေမြို့မှာ ငယ်ငယ်ကတည်းက ဘော်ဒါသွားထားတယ် ”
“မမိညိုရယ် ခင်ဗျားလည်းဒီအလုပ်ကြီး တသက်လုံးလုပ်လာခဲ့ပြီးပြီ အဆင်လည်းပြေတာမဟုတ်ဘဲနဲ့
ကိုယ့်ဘ၀ကို မျက်နှာအငယ်ခံပြီး ဘာလို့ဒီအလုပ်လုပ်နေလဲ၊စွန့်လိုက်တော့ပေါ့ ”
“ငါ့ဘ၀က ဘာအရေးလည်းဟယ်။သားတွေအရေးက ရှိသေးတယ်လေ။ငါဘာဖြစ်ဖြစ်သူတို့ ဘ၀က အရေးကြီးတယ်။ခေတ်ကြီးကလည်း ပိုက်ဆံရှိမှ လူရာဝင်တဲ့ခေတ်ဖြစ်နေတာကို။ပိုက်ဆံ မရှိရင် သေတတ်တယ်ဆိုတာ နင်လည်းကြားဘူးသားပဲ ။အဲဒါ အသက်တင်သေတာမဟုတ်ဘူး ဘဝ
ပါသေတတ်တယ် ”
“တော်ပါ မမိညိုရယ် ။ ခင်ဗျား မပီကလာပီကလာ ဒဿနအကျိုးအပဲ့ တွေက ကျုပ်လာလာစင်တယ်ဗျ ”
“မိညို အပိုမပြောပါဘူးဟယ် ”
“ဟုတ်ပါပြီဗျာ .... ဒါနဲ့စကားမစပ် တရုတ်ရဲတွေ တော်တော်သောင်းကျန်းနေတယ်နော်၊တရုတ်လင်မယား နှစ်ယောက်အသတ်ခံရတဲ့ ကိစ္စနဲ့ ”
“အေး ဟေ့ ခုစခန်းထဲမှာ ဗမာလေးငါးရာလောက်ရှိမယ်။ဘာမှလည်းမစားရဘူးနေပူထဲငုတ်တုပ်ထိုင်ခိုင်ထားတယ်။ရေတောင်မသောက်ရဘူး ။ အင်္ဂလိပ်လို ငါမခေါ်တတ်ပါဘူး ဘာစစ်ဖို့ဆိုလားပဲ။မနေနိုင်တဲ့ သူတွေက ကျွေးတာတောင် မစားရဘူး။အလကားသက်သက်လူလည်ကျတာ နောက်ပြီးတော့ တစ်ယောက်ကို ၂၀၀နဲ့ပြန်လွှတ်တယ်။ငါတို့ ဗမာတွေကို နေလို့ မရအောင် ခြိမ်းခြောက်တာပါအေ ”
“ ဟုတ်တယ်ဗျ ... ခုလိုက်ဖမ်းနေတာ ကုန်ထမ်းသမား၊မျက်မှန်တပ်ထားတဲ့သူ၊နောက်ကျောမှာ ဆေးမှင်ကြောင်ထိုးထားတဲ့သူ၊လက်မှာ ဒဏ်ရာရထားတဲ့သူ အကုန်ဖမ်းနေတော့ ကုန်ပြီပေါ့ဗျ ။ဒါနဲ့ မမိညိုတို့လို ဆေးရောင်းတဲ့သူတွေရော မဖမ်းဘူးလား ”
“အောင်မာ .... မိညို အပိုမပြောဘူး ။ဒီအချိန်မှာ ငါတို့ကရောင်းကောင်းတယ်။သူတို့ ငါတို့ကို အာရုဏ်မစိုက်နိုင်ဘူး။စိုက်လို့လည်းမရဘူး ငါတို့ဆီက တောင်းထားတာ မကြာသေးဘူးလေ ”
“ကောင်းပါလေ့ဗျာ ..... တရုတ်အခက် မမိညိုတို့ အချက်ပေါ့ ။သူတို့ တရုတ်ထိတော့ ဆတ်ဆတ်ထိ မခံနိုင်ကြဘူးနော်၊ကျုပ်တို့ ဗမာတွေဘယ်လောက်အသတ်ခံရခံရ ဘယ်ဂရုစိုက်လို့တုန်း ”
“ အင်း ဟုတ်ပါ့ ... ဟိုတလေက ငါမျက်စိရှေ့ မှာတင်တရုတ်လူမိုက်တွေ ဘက္ထရီဆိုင်ကယ်နဲ့လင်မယားကို ပိုက်ဆံအိတ်ဆွဲလုလိုက်တာ မိန်းမဆိုင်ကယ်ပေါ်က ကြပြီးသေသွားပါလေရော။အဲဒါကြ ဘယ်သူမှ ဂရုမစိုက်ဖူး။တရုတ်မှ မဟုတ်ဘူးဗမာရဲလည်းဒီအတိုင်းပဲ ဟိုတလောက စည်သူတို့ ကျောက်မဲက ကားသမားအဘိုးကြီးကို ဘာမှမဟုတ်ပဲ သံဒုတ်နဲ့နောက်စိရိုက်ချလိုက်တာ ပွဲချင်းပြီးသေရော။စည်သူမှန်းလည်း သိရဲ့သားနဲ့ ဘာမှ မဘာကြဘူး ”
“ အော် ကိုယ်ကသူနိုင်ငံမှာ လာနေတာကိုဗျ .... သူပြုသမျှနုရတော့ မှာပေါ့ ။ဗမာရဲတော့ အားကိုးမနေပါနဲ့ဗျာ ”
“ဟုတ်တယ် .... မိညို အပိုမပြောဘူး .... ငါသားလေးတွေ ၁၀တန်းအောင်ပြီးလို့ သူ့အလုပ်နဲ့သူဖြစ်
ဖြစ်ရင် ဒီမှာလည်းမနေ ဒီအလုပ်လည်းလုပ်မစားတော့ ပါဘူးဟာ ”
“ အေးပါဗျာ မမိညိုလည်း ဒီဘ၀ ကမြန်မြန်ကျွတ်ပါစေ ”
ဒီလိုပဲ မမိညိုနဲ့က မသိတာမေးလိုက်။ဟိုအကြောင်း ဒီအကြောင်းပြောလိုက်နဲ့နေလာခဲ့ကြတာပါ ။
ဘာကြောင့် ခင်ဗျားတို့ကို မမိညို အကြောင်းပြောပြနေရသလဲဆိုတော့ မမိညို အကြောင်းပြောရင် ကျယ်ခေါင်အကြောင်း၊ဒီမှာနေတဲ့ မြန်မာနိုင်ငံသားတွေ အကြောင်း ၊တရုတ်တွေအကြောင်း သိသွားရတာပေါ့ ။ မမိညို တကယ့်ကို အပိုမပြောခဲ့ပါဘူးလေ ။
     ဗျာ ...... မမိညို အကြောင်းဆက်ပြောပါဦး ဟုတ်လား ။မမိညို အကြောင်းက ပြောပြရရင်တော့ အများကြီး။ပြောချင်စိတ် မရှိရင်လည်း ဘာမှပြောစရာ မရှိတော့ပါဘူး ။ခင်ဗျားကို ပြောပြနေတာတွေက လွန်ခဲ့တဲ့ (၂)နှစ်ကအကြောင်းတွေပါ။ ခု .... မမိညိုမရှိတော့ပါဘူး ။...... ခင်ဗျားထင်ထားသလို တရုတ်ရဲ ဗမာရဲ ဖမ်းလို့ ထောင်ကျသွားတာ မဟုတ်ပါဘူး။သေသွားတာပါ ။သေတာကလည် ဘယ်လိုသေသွားတယ်မှတ်လည်း သူယောက်ျားက ဆေးကြောင်ပြီး သောက်ရေအိုးထဲကို ရာမတွေထည့်ထားတာ ရေဆာတော့ သောက်မိတာနဲ့ သေသွားရတာပေါ့ ။မမိညို သူပြုသမျှကံ သူပြန်ခံရတာပါလေ ။ဒါပေမယ့် သူ့စေတနာက သူ့ကိုအကျိုးပေးသွားပါတယ် ။မမိညိုသေတော့ လူမမာယောင်ဆောင်ပြီး တရုတ်ရဲတွေကို မျက်လှည့်ပြ ဂိတ်ပေါက်ကထွက် မူဆယ်သင်္ချိုင်းမှာ အုတ်ဂူလေးတည်ပေးခဲ့ပါ ။
သူ့ယေက်ျားကတော့ လမ်းဘေးဆေးသမားဘ၀နဲ့ အဆုံးသတ်သွားပါတယ်။သူ့သား အကြီးကောင်ကတော့ (၁၀)တန်းကျပြီး ကျယ်ခေါင်မှာ ဆေးရောင်းရင်း လူမိုက်ကလေး ဖြစ်သွားပါပြီ ။
အငယ်ကောင်ကတော့ သူဆွေမျိုးတွေက ကျောင်းဆက်ထားပေးတယ် ဆိုလားပဲ။ကျယ်ခေါင်တော့ သူရောက်မလာခဲ့ပါဘူးဗျာ ။

ဒါပါပဲဗျာ .....မမိညို ဘယ်တော့မှ အပိုမပြောခဲ့သလို ကျွန်တော်လည်း ခင်ဗျားကို အပိုမပြောခဲ့ပါဘူး ။
တကယ့်ကို ...... ကျွန်တော် အပိုမပြောခဲ့ပါဘူး ။

Bo Han
0 comments

နယ်စပ်ဘ၀ စပ်မိစပ်ရာများ(၄)

                              (၁)
“ စိုးကြီး မင်းကိုငါပွင့်ပွင့်လင်းလင်းမေးလို့ရမလား။ဘာသဘောနဲ့မှ မဟုတ်ဘူးနော် သိချင်ရုံသက်သက်ပဲ ”
“ အေးမေးပါကွ ..... ရပါတယ် ”
“ မင်း သီတာလို အပျက်မဗိုက်တစ်လုံးနဲ့ မှန်းသိရဲ့သားနဲ့ ဘယ်လို မေတ္တာ သတ္တိတွေမွေးယူခဲ့တာလည်း”
“ မင်းလိုကောင်ကို ချစ်ခြင်းမေတ္တာအကြောင်း ငါဘယ်လိုပြောရမလဲ ။ ဘာသတ္တိမှလည်း အထူးတလည်
မွေးစရာမလိုပါဘူး ။အဓိက နားလည်မှုပဲ ကွ ”
“အေးပါကွာ .... စိတ်မဆိုးပါနဲ့ ငါက သိချင်လို့မေးတာပါ ။ မင်းမိန်းမနဲ့လည်း သူငယ်ချင်းတွေပဲ ဘာစိတ်နဲ့မှ မေးတာမဟုတ်ပါဘူး ”
“ရပါတယ်ကွ ....  အဓိက က နားလည်မှုပါ ”

                           (၂)

“ဟေ့ရောင် .... စိုးကြီး မင်းတို့လင်မယားလည်း တစ်နေ့တစ်နေ့ ဒီကလေးနဲ့ပဲ အချိန်ကုန်နေတာ ”
“ ဟကောင်ရ .... ကုမ္ပဏီမှာ ဘာမလုပ်မှရှိတာမှ မဟုတ်ပဲ ဒီသားလေးပဲ .... အချိန်ပေးရတာပေါ့ ”
“ အေး ကလေးက မင်းနဲ့လည်း မတူဘူးနော် .... ဟဲဟဲ ”
“ မင်းတော့ကွာ ..... ငါ့သားပါဟ။သီတာက ဧည့်သည်ဝင်ရင် ကွန်ဒုံးသုံးပါတယ်ကွ ”
“ အေးပါကွာ စတာပါ ။ မင်းစိတ်ထဲ ဘယ်လိုရှိမလဲ စမ်းကြည့်တာပါ ”
“ ရပါတယ်ကွ ...... အဓိက နားလည်မှုပါ ”

                       (၃)

“ မသာမ နင့်ကိုဘယ်လို အနေအထားနဲ့ယူခဲ့ရတယ်ဆိုတာ နင်သိတယ်နော် ”
“ သေချင်းဆိုး နင့်လို ငမူးကို ငါယူလို့ ဘာရလည်း။နင်ထက်သာတာတွေ ခေါင်းခေါက်ယူလို့ရတယ်
သီတာတို့က ယောကျာ်းတွေ တစ်နေ့ ဆယ့်လေးငါးယောက်နဲ့ ဆက်ဆံလာတာ ”
“စိုးကြီးကော သီတာကော တော်ကြစမ်းကွာ ။ နင်တို့ရှက်လည်း မရှက်ကြဖူး၊နင်တို့ ဒီလိုပဲ ရန်ဖြစ်လာတာ ဘယ်လောက်ကြာပြီလဲ။တစ်ယောက်နဲ့တစ်ယောက်နားလည်မှု ရှိမှပေါ့ ။လာသွားမယ် စိုးကြီး ”
“ စိုးကြီးရာ မင်းဘာလို အရက်တွေသောက်သောက်ပြီး ရန်ဖြစ်နေရတာလည်း ”
“ ဟ ရန်ဖြစ်ရတဲ့ အရသာမင်းမှ မသိတာကို ။ ဒါပေမယ့် ငါတို့ နားလည်မှုရှိမှ ဖြစ်တော့မယ် ”

                         (၄)

“ ဟ ဒီလင်မယား အထုတ်အပိုးတွေနဲ့ ဆိုင်းမဆင့်ဗုံ မဆင့် ဘယ်လို ဖြစ်တာတုန်း ”
“ ဗမာပြည် ပြန်ကြမလို့ကွ ”
“အပြီးလား ”
“ အေး ..... အပြီးပြန်မှာ၊ သူက လာရှိုး သူ့အိမ်ပြန်မယ် ၊ ငါက မန္တလေးအိမ်ပြန်မယ် ”
“ ဟင် နင်တို့ ဟာက ..... ဘာလုပ်တာလည်း ”
“ ငါတို့ နားလည်မှုရှိရှိ လမ်းခွဲလိုက်ကြပြီကွ ”
“ ဒါဆို ကလေးကရော ...... ”
“ သူ့ကို သိန်း(၃၀) ပေးလိုက်တယ်။ငါက သိန်း(၂၀)ယူလိုက်တယ်။နင်ကျေနပ်တယ်နော် သီတာ ”
“ကျေနပ်ပါတယ်တော် .... ကျေနပ်ပါတယ် ”
“ ဟင် ....... ”
“ ဒါဆို မင်းနားလည်လောက်ပါပြီ နော် .... သူငယ်ချင်း ”

“ တစ်နှစ်ခွဲသားငယ် = သိန်းငါးဆယ် ”

“ အင်း .... မင်း နားလည်မှုကို ငါနားလည် သွားပါပြီ သူငယ်ချင်းရယ် ”

Bo Han

(  သားငယ်လေးအား ရက်ရက်စက်စက်ရောင်းချသွား သော သူငယ်ချင်းလင်မယား
  အား တသက်စာ အမှတ်တရ )
0 comments

နယ်စပ်ဘ၀ စပ်မိစပ်ရာများ(၃)


ဒီတစ်ခါတော့ ကျုပ်လည်း ဟိုလျှောက်သွား ဒီလျှောက်သွားနဲ့ တောင်းစားတဲ့သူတွေနားမရောင်မလည်ရောက်သွားပါတော့တယ် ။

“ ကြာအုပ် ချရာ အေးချေးပဲလား ”
“ဟာကွာ မင်းဟာကလည်း ရိုးရိုးပြောစမ်းပါ ၊ မင်းအကြောင်းငါမသိတာကြနေတာပဲ ”
“ချရာကလည်း ဂျာ ကျုပ်တို့ရဲ့ ကျေကျေချာချာ လေ့ကျင့် ညူထားရတဲ့ ကျင်ညာဂျ ”
“အေးပါ မောင်မင်းကြီးသားရယ် ကျုပ်နဲ့တော့ တဆိတ်ကျေးဇူးပြုပြီး ရိုးရိုးပြောပါလားကွာ။ မင်းကို အင်တာဗျူးစရာ ရှိလို့ ”
“ ဟာ ဆရာ ကျုပ်တို့ကိုယ့်စားပေါက် ကိုယ်ပိတ်မယ့် အလုပ်တော့ ကျုပ်တသက်လုံးမလုပ်ဖူးနော် ”
“မဟုတ်ပါဘူးကွ၊ငါကဘာမှ မဟုတ်ပါဘူး စာလေးပေလေး မတောက်တစ်ခေါက်ရေးကြည့်နေလို့ပါ။မင်းဒီ
ဘ၀ရောက်နေတာတောင် ဘာ့ကြောင့်ပျော်ပျော်ရွှင်ရွှင်နေနိုင်သလဲ ဆိုတာ စိတ်ဝင်စားလို့ပါ ”
“ဆရာက ကျုပ်ဒီဘ၀မှာ ပျော်နေတယ်ထင်လို့လား ။ ဘယ်ကလာ ဆရာရယ် တာဝန်နဲ့ဝတ္တရားအရလုပ်နေရတာဗျ ”

“နို့ မင်းပဲ သီချင်းလေးဆိုလိုက် ၊ဟိုကောင်လေးတွေ ဟာသပြောလိုက်နဲ့ မင်းတို့ တ၀ါးဝါးတဟားဟား ငါမြင်နေတာပဲ။ အောင်မယ်ကြိးကြီးကျယ်ကျယ် မင်းကိုဘယ်သူကတာဝန်ပေးလို့လည်း ပြောစမ်းပါဦး ”
“မဟုတ်ပါဘူး ဆရာရယ်။ကျုပ်ကိုကျုပ်တာဝန်ပေးလိုက်တာပါ ။ကျုပ်ရှစ်နှစ်သားက အမေနဲ့ကျုပ် ဒီရွှေလီကိုတက်လာတယ် ။နောက်တော့ အမေက ဘယ်ရောက်သွားလဲ မသိဘူး ပျောက်သွားတယ်။သူများတွေ ပြောတာတော့ ရောင်းစားခံ
လိုက်ရတယ် ပြောတာပဲ ။ကျုပ်က ဒီအုပ်စုတွေကြား ဘယ်လိုရောက်သွားသလဲ မသိဘူး ။ကျုပ်ကို အဖိုးကမွေးစားလိုက်တယ်။ကျုပ်ဆရာလည်း ဟုတ်တာပေါ့ ”
“ဟို .... မင်းနဲ့ပါပါလာတဲ့ မျက်မမြင်အဖိုးကြီးလား ”
“အာ .... ဆရာကလည်း ကျုပ်တို့နဲ့အမြဲတွေ့နေပြီး အရန်ကောဗျာ ၊ အဘိုးက မျက်စိမြင်ပါတယ်ဗျ ”
“မှုတ်ဖူးလေကွာ .... အော်ဂင်တီးတယ်ပြီးတောင်းတဲ့အဘိုးကြီးလေကွာ ။လည်ပင်းမှာ မျက်မမြင်ဒုက္ခိတမို့ ကူညီကြပါခင်ဗျာ လို့စာရေးထားတဲ့ ကတ်ထူစက္ကူကြိးတောင်ဆွဲထားသေးတယ်လေကွာ ”
“အဲ...အဲဒါပေါ့ အဲဒါသူကိုယ်တိုင်ရေးထားတာ၊အော်ဂင်တောင် တီးတတ်ပါတယ်ဆိုမှ ”
“အင်း ဆက်ပါဦးကွာ စိတ်ဝင်စားစရာ ကောင်းလာပြီ ”
“ဒီလိုဗျ ကျုပ်တို့လောကမှာ ဆရာမြင်ပါလိမ့်မယ်။ကလေးတွေ ၁၂နှစ်၊၁၃နှစ်နဲ့ တချို့ဆိုပျက်စီးနေတာ။
ဂျာနယ်ထဲတွေမှာပါတဲ့ လူအခွင့်အရေးတို့ ၊ ကလေးသူငယ်အခွင့်အရေးတို့ဆိုတာ လုပ်ချင်ရင် ကျုပ်တို့
ကိုသူတို့ မမြင်လို့ပါ။ ကျုပ်တို့ဆီက ကလေးတွေက ၂လသားကတည်းက နေပူမိုးရွာမရှောင် အလုပ်
လုပ်ရတာ ”
“ဟေ ... ဘယ်လိုကွ လင်းအောင်ရှင်းစမ်းပါဦး ”
“ ကျုပ်တို့ ဆီကမိန်းမတွေက ကလေးမွေးပြီးရင် (၂လ)လောက်နေရင် ကလေးငှားစားတယ်၊တစ်နေ့ ၂၀၀၀ရတယ်။ဒါတောင် ဟိုလူခေါ်ချင် ဒီလူခေါ်ချင်နဲ့ အလုအယက်နော် ။ဒီလိုကလေးတွေက နည်းနည်းကြီးလာရင် သူခိုးလေးတွေဆေးသမားလေးတွေဖြစ်လာကြတယ် ။ အဘိုးက ဒီကလေးတွေ
ကိုသူတတ်နိုင်သလောက် စာသင်ပေးတယ်။မိတ်ကပ်ပညာသင်ပေးတယ်။သီချင်းဆိုသင်ပေးတယ်။
အော်ဂင်တီးသင်ပေးတယ် ။ကျုပ်လည်းအဘိုးသင်ပေးတဲ့ ထဲက တစ်ယောက်ပေါ့ ”
“နို့ နေပါဦးကွ မိတ်ကပ်ပညာဆိုတာ ...... ”
“မိတ်ကပ် ပညာဆိုတာက နူနေအောင်လုပ်တာ။အနာကြီးရောဂါသည်လို ပြီတည်နေသလိုဖြစ်အောင် ယင်ကောင်တွေတလှောင်းလှောင်းနဲ့ဖြစ်နေအောင် ၊မျက်စိမမြင်ချင်ယောင်ဆောင်တာ ၊ အနံအသက်တွေဆိုးအောင် လုပ်တာ အဲဒါ ဟိုဆေးစပ်ဒီဆေးစပ်နဲ့အတုလုပ်ရတာ ”
“ ဟေ အဲဒါဆို နူပြီးအနာကြီးတွေထနေတာ တကယ်မဟုတ်ဖူးပေါ့ ၊ နံကလည်းနံသေးနဲ့ ။မင်းတို့ ဘာကြောင့် ဘ၀ကို ဒီလိုလုပ်ပစ်ရတာလည်း ”
“ဟုတ်တယ် ကျုပ်လည်းအဲဒါပဲ ပြောချင်နေတာ။ ကျုပ်တို့ဟာ လူမှန်းသိတတ်စကတည်းက တောင်း
စားလာခဲ့ကြရတာ ။ကျုပ်တို့ကို ဘယ်သူကများ ထိမ်းသိမ်းပြီး ပညာသင်ကျွေးမွေးထား မယ်လို့စိတ်ကူး ရှိဖူးလည်း ။မိဘမဲ့ ဂေဟာဆိုတာကလည်း မိဘကိုတိုင်သွားအပ်မှာ နောက်အရပ်က အပ်ပေးမှ ။ကျုပ်တို့လို မွေးကတည်းကတောင်စား သူတွေကြ ဘယ်သူကမှ အရေးစိုက်ပြီး လက်မခံပါဘူး ။
ကျုပ်ခဏခဏ စမ်းဖူးပါတယ် အလုပ်လုပ်ဖို့ ဘယ်သူကမှ သူတောင်းစားကို အလုပ်မပေးချင်ကြဘူး။
ကိုယ့်ခွန်ကိုယ့်အားနဲ့ကုန်ထမ်းမယ်ဆိုတာတောင် အလုပ်သမားတွေကလက်မခံကြ ပေးမထမ်းချင်ကြ
ဘူး ဆရာရဲ့ ”
“အေးပါကွာ အဲဒီလောက်တော့ ငါသိပါတယ် ၊ ဆက်ပြောပါဦး ”
“ အဲဒီမှာ အဘိုးက ကျုပ်တို့တတွေကို ပညာသင်ပေးတယ် ၊ဆေးသမားတွေ မဖြစ်အောင်၊သူခိုးမဖြစ်
အောင်၊လူမိုက်ဒမြမဖြစ်အောင်ပေါ့ ။ တောင်စားတာတောင် ဂီတနဲ့တောင်စားတတ်အောင် အဓိကသင်
ပေးပါတယ်။ကျုပ်လည်းအခုနားလည်ပြီ ဒီဘ၀ထဲဘာမသိညာမသိရောက်လာတဲ့ကလေးတွေကို အဖိုးလိုပဲ ကူညီမယ်လို့ဆုံး ဖြတ်ထားတယ် ။ ကျုပ်ကစာတတ်တော့ ဂျာနယ်တွေ မဂ္ဂဇင်းအဟောင်း
တွေထဲက ဟာသတွေပြောပြောပြီး သူတို့ ကိုယ့်ဘ၀ကို ပျော်ရွှင်အောင် ကျေနပ်အောင် လုပ်ပေးနေ
တာပါ။သူတို့ဘ၀သူတို့ မပျော်မရွှင် ဖြစ်ရင် စိတ်ဓတ်ကျပြီး လမ်းမှားရောက်မှာ စိုးလို့ပါ ။နောက် ကျုပ်ဘ၀ကလည်း ဒီထက်ပိုပြီး ဘာများထူးဦးမှာ မိုလို့လည်းဗျာ ။ဟို ... ဗီဒီယို ဇတ်ကားတွေထဲကလို
သူတောင်းစားဂိုင်းတို့ ၊ သူတောင်းစား စုံထောက်တွေ လုပ်လို့ရရင်လည်း အကောင်းသားဗျို့
ဟားဟား ”
“အင်း မင်းပြောတာလည်း ဟုတ်တ်ာပဲ ”

“ ကဲ .... စာအုပ်ဆရာ ခင်ဗျားဒီကောင်လေးမေးကြည့်စမ်းပါဦး သူ့အသက်က ၁၁နှစ်ပဲရှိသေးတယ် ။ မင်းဘာ့ကြောင့်တောင်းရသလဲလို့ ”
“ သား မင်းဒီအရွယ်လေးနဲ့ဘာကြောင့် တောင်းစားနေရသလဲကွ ၊ လ္ဖက်ရည်ဆိုင်မျာစားပွဲထိုး
လုပ်မလား ဦးပြောပေးမယ် ”
“ဘယ်လောက်ရမှာလဲ ”
“တစ်လစားရိတ်ငြိမ်း သုံးသောင်းလောက်တော့ ရမှာပေါ့ကွ ”
“ဘယ်ဖြစ်မလဲ ၊ တောင်းစားတာက ပိုက်ဆံပိုရတယ် ၊ အဖေကို ၂နာရီ၃နာရီလောက်နေ ၃၊၄ထောင်ပေးရတာ ”
“ဟေ မင်းအဲလောက်တောင်ရတယ် ၊အဲဒီပိုက်ဆံတွေကို မင်းတို့ဘာလုပ်လဲ ၊ မရရင် မင်းကို ဘယ်လိုလုပ်လဲ ”
“အဖေက တီဗွီဂိမ်းဆော့တယ်ဗျ ။အဖေကနိုင်နေရင်တော့ ဘာမှမလုပ်ပါဘူး ။သားဖနှစ်ယောက် စားစရာဝယ် အိမ်ပြန်သွားတာပဲ ။အဲဒီအချိန်ဆို သိပ်ပျော်တာ။အဖေရှုံးရင် ကျွန်တော်တောင်းလို့မရတဲ့
အခါ ကျွန်တော်အသုံးမကြလို့ဆို အရိုက်ခံရပါတယ် ”
“ကဲ ... စာအုပ်ဆရာရေ .... ဒီအဖေ ၊ ဒီကလေးမျိုးကို ကျွန်တော်ဘယ်လိုလုပ်သင့်သလဲ ”
“အင်း .... အဲဒါ ငါလဲ လိုက်မမီဘူးကွ .... ဟားဟား ”
“ ကျွန်တော်ကတော့ သူ့ကို တတ်နိုင်သလောက် ကျွန်တော်တတ်သလောက်ပညာသင်ပေးမယ် ။
သူကိုယ်တိုင် သူ့ဘ၀နဲ့လောက အကြောင်းကိုတွေးခေါ်တတ်အောင်ပညာသင်ပေးမယ် လို့ဆုံးဖြတ်ထားတယ်ဗျ ”

“အေးကွ မင်းဖြစ်ချင်တာကို ငါသဘောပေါက်ပါပြီကွာ ”

....................................................

ကျွန်တော်ရဲ့ ဒီနေ့အိမ်အပြန်လမ်းဟာ အတွေးပေါင်းများစွာနဲ့  ငါဘာလုပ်ပေးနိုင်သလဲ ၊ ငါဘာလုပ်ပေးနိုင်သလဲ ................ ....... မင်းချစ်သူရဲ့ကဗျာတစ်ပုဒ်ကိုပဲ တိတ်တိတ်လေး ရွတ်ဆိုနေမိတော့တယ် .... “ ကမ္ဘာကြိးရယ် ၊ ခင်ဗျားကိုထမ်းဖို့နေနေသာသာ ကျုပ်ကိုကျုပ်တောင် အနိုင်နိုင်ဗျာ ”

Bo Han
0 comments

နယ်စပ်ဘ၀ စပ်မိစပ်ရာများ (၂)


“ ကံများဆိုးလိုက်တာကွာ ပိုက်ဆံကောက်ရတာတောင် တစ်ပိုင်းပါမလာဘူး ”
“ အေးကွ .. အိမ်ရောက်ရင် ငါတို့မိန်းမတွေလည်း ယုံမှာမဟုတ်တော့ဘူး ။နေ့စဉ်ရက်ဆက်ကြီးဆိုတော့”
“ ဘယ်တတ်နိုင်မလဲကွာ ။ကုန်ကပါးနေတာကို ”
အလုပ်သမားနှစ်ယောက်ရဲ့ စကားသံက ကျွန်တော်ရင်ကိုလာမှန်တယ် ။
ဟာဟုတ်ပြီ အဲဒါ ကဗျာပဲ

     အခြေခံလူတန်းစား =ကုန်ထမ်းသမားကံခေပုံများတစ်ပိုင်းမပါပိုက်ဆံကောက်ရ(အကျယ်ဖွဲ့နွဲ့ရန် )
                              မှတ်သားထားလိုက်ပြီး ရှေ့ဆက်ပြီး ဆိုက္ကားဆက်နင်းလာလိုက်တယ် ။

“ သန္တာ ညည်းဘယ်လိုလဲ ဈေးဦးပေါက်ပြီလား ”
“ မပေါက်သေးပါဘူး ၀သုန်ရယ် ၊ ဈေးဦးမပေါက်လို့ ဟိုမသာ ငထွဋ်ကြီးချိတ်ထားတာ ဘဲနာကြီးက
  ကျောက်တစ်ပွင့်အောင်လို့တဲ့ တရုတ်မတွေဘက်လှည့်သွားတယ် ...ရေခံမြေခံမကောင်းတော့         အမေပေးတဲ့လယ်တစ်ကွက်နဲ့လုပ်စားတာတောင် နပ်မမှန်ချင်ဘူး ။ လာပစေ ငထွဋ်ကြီး ဒီတစ်ခါ အကြွေး ဆိုလို့ကတော့ .... ”

အင်း ဒါလည်း ကဗျာပဲ
        ပြည့်တန်ဆာ = ခန္ဓာကိုယ်ရင်နှီး လုပ်ကိုင်စားသောက်နေရသော မိန်းကလေးများ ဈေးဦး        မပေါက်သောနေ့ ၊ အကြွေးထားသွားသူ ၊ ချစ်သူမရှိ ဖောက်သည်ရှာရ၏ ။(အကျယ်ဖွဲ့နွဲ့ရန် )

“ ဒါက တရုတ်ငွေ သိန်း(၂၀)ဈေးထွက်ထားတယ်။ရောင်းချင်တာကတော့ ၂၅သိန်းလောက်ရရင်
  ရောင်းမယ် ။ဟိုကောင်တွေကွာ တော်တော်အတဲ့ကောင်တွေ ၀ယ်လက်ကို ဒီလောက်တောင်
  ပွဲတိုက်မပေးနိုင်ဘူး ။ဒီတစ်ခါတော့ အောင်ပါပြီကွာ ။ ညီလေး လ္ဖက်ရည် ၃ခွက် ဒါလေးမှတ် ထားလိုက်လို့ မင်းလောပန်းပြောလိုက် ”

အင်း ဒါလည်းကဗျာပဲ
      ကျောက်သမား = အပြောကကောင်းပါ၏ ။ ငွေမရှိ လေရှိ၏ ။ အကျယ်ချဲ့ ၀တ္ထုတစ်ပုဒ်ရေးရန်။

ဟေ့ .... ဟေ့ .... ဂျာနယ် ၊ စာအုပ်သည် လာပါဦးကွ ။
      “ ဟုတ်ကဲ့ ဆရာ  ”   
      “ ဘာဆရာလည်း ... မင်း ငါ့အကြောင်း ဘာသိလို့ ဆရာခေါ်တာလည်း ”
      “ ဟုတ် ..... မသိပါဘူး ခင်ဗျ ။ အကျင့်ပါနေလို့ပါ ”
      “ အေး ဘာမသိညာမသိ မင်းတို့ကောင်တွေ ဆရာခေါ်တိုင်း သဘောကြတဲ့ အထဲ ငါမပါဘူးကြားလား ”
      “ ဟုတ် ..... ဟုတ်ကဲ့ ”
      “ ဘာ ဂျာနယ်တွေပါလဲ ၊ ဘာစာအုပ်တွေပါလဲ ”
      “ ဂျာနယ်က ဒီနေ့ Eleven နဲ့ လျှပ်တစ်ပျက်ပဲ ကျန်တော့ပါတယ် .... ခင်ဗျ ”
      “ အလကား လုပ်စားတွေ ဘာရပ်တည်ချက် မှ မရှိတဲ့ကောင်တွေ။လျှပ်တပြက် မင်းသိလား
Eleven ဖတ်ရအောင် ငါလောင်းကစားသမားမဟုတ်ဖူး ။သတင်းဂျာနယ်ကလည်း စစ်အစိုးရ လက်ထက်မှ ခရိုနီတွေနဲ့ပေါင်းပြီး သတင်းတွေ တောင်ရေးမြောက်ရေးကောင်တွေ ငါတို့ရှိတုန်းကဆို ဘာအဆင့်မှ မရှိတဲ့ကောင်တွေမင်းသိလား ”
      “ ဟုတ် .... ဟုတ်ကဲ့ ..... ကျွန်တော် မသိပါဘူး ခင်ဗျ ”
      “ အေး မင်းလည်း မဆလ စောက်ကျင့်တွေဖျောက် ၊”
      “ ခင်ဗျာ .... ကျနော် .... ကျနော် ..... ။ ဒီ မှာ ဆရာသိန်းဖေမြင့်၊ဆရာမြသန်းတင့်နဲ့
         ဒေါ်ခင်မျိုးချစ် စာအုပ်လေးတွေတော့ ဆရာဖတ်မယ်ထင်ပါတယ် ”
      “ သိန်းဖေမြင့်အကြောင်း မင်းဘယ်လောက်သိလဲ၊ မြသန်းတင့် အလကားလူကြီး သစ္စါဖောက်
        ဓါးတောင်ထဲက ဇာတ်ကောင်တွေ ငါနဲ့အကုန်ခင်တယ် ။အမျိုးသားစာပေဆုကြီး မယူပါဘူးပြော
       ပြီးခိုးကြောင်ခိုးဝှက်သွားယူတဲ့လူကြီး ။ မင်းတို့လို ဘာမသိညာမသိကောင်တွေ ရှိနေလို့ ဒီစစ်
       အစိုးရအသက်ရှည်နေတာ ။ဥက္ကဌကြီးမော် ပြောသလို ....... ”
     “ ဟုတ် ... ကျွန်တော် ဆက်လှည့်ငှားရဦးမှာမို့ သွားလိုက်ပါဦးမယ် ခင်ဗျ ....... ”
အင်း ..... ဒါကိုဘယ်လို မှတ်ရပါ့မလဲ ......

       ဗကပ = ....................
       ဗကပ = ......................
       ဗကပ = ........................

ကျွန်တော်ရဲ့ အပြန်လမ်းမှာ သီချင်းလည်း မဆိုဖြစ်တော့ပါဘူး ။ဟားတိုက်ပြီးသာ ရယ်မောပြန်ခဲ့တယ်။
ဆရာနိုင်ဝင်းဆွေ ကြီး ပြောခဲ့သလို .........

“ ဟား .... ဟား .... ဟား ...... မော်စီတုန်း ဟာ ဂေါ်လီလုံးပါကွာ ..... မော်စီတုန်းဟာ .... ဂေါ်လီလုံးပါ ”

Bo Han
0 comments

သုည

ကိုယ့်အမြီးကိုယ်မျိုပြီး … သုညယောင်ဆောင် ခရီးထွက်ပစ်လိုက်တယ် ။
                                 (၁)
  “ ဟေ့ … ဟေ့ … ရပ်စမ်း … နာတို့ရှေ့မှာ ကိုးလိုးကန့်လာမလုပ်နဲ့ …
    နေပါဦးမင်းကဘာကောင်လဲ ”
  “ ငါက ဘာကောင်မှ မဟုတ်ပါဘူးကွာ ။ မင်းတို့ သိတဲ့ သုညပါ ”
“ ဘာ … သုည မဖြစ်နိုင်ပါဘူး။ နေပါဦး မင်းရုပ်မင်းရည်က “ အို ” လည်းဖြစ်နိုင်တာပဲ ”
“ မဟုတ်ပါဘူးကွာ … တကယ် သုညပါ ”
“ ဟေ့ရောင် မောင်ဒေါင်း .. စကားရှည်မနေနဲ့ သုညနဲ့အို လည်း ဟုတ်ချင်မှ ဟုတ်မှာ
ဝလုံးလည်းဖြစ်နိုင်တယ် ကွ ”
“ အေးကွ ဘာပဲဖြစ်ဖြစ်ကွာ ဒီကောင်က ငါတို့ကို ကျောင်းစတက်ကတည်း ဒုက္ခပေးလာတဲ့ကောင်
ဆိုတော့ ငါတို့လည်း ပညာပြန်ပေးရမယ် ”
“အေး … ဟုတ်တယ် … ဒီကောင့်ကြောင့် ငါ့လက်ဆစ်တွေ ဆရာက ခဏခဏခေါက်ခံရတယ် ”
“ ဘာဆိုင်လို့ ဒုန်းဗျ ... မင်းတို့ ငါကိုပီပြင်အောင်မရေးတတ်တာနဲ့ အရိုက်ခံရတာကိုများ ”
“ မင်း ပေမရှည်နဲ့ ဆိုင်ဆိုင်မဆိုင် မင်းကို ငါတို့ ဂွေအဖြစ်လိမ့်ရမယ် ”
“အာ ... ငါက ၀လုံးလည်းမဟုတ်၊ အိုလည်းမဟုတ်တော့ မင်းတို့ အဆင်ပြေမယ် မထင်ဘူး ”
“ ပြေပြေမပြေပြေ လိမ့်မယ်ကွာ ... ”
ကျနော်လည်း ဂွေလိမ့်နေတဲ့  မောင်ဒေါင်းတို့ကြား  တားဆီးချိန်မရပဲ လမ်းပေါ်မှာ အလိမ့်ခံခဲ့ရပါတယ် ။

                             (၂)

“ အောင်မာ ကြီးကြီးကျယ်ကျယ် မကြီးမငယ်နဲ့ ငထွဋ်ကြီး
  မန်ယူအင်္ကျီဝတ်ပြီး ဘောလုံးဝင်ကန်နေတယ် ”
“ အဲဒါ မင်းနဲ့ဘာဆိုင်တုန်း …. နေပါဦး မင်းကဘာလဲ ”
“ သိပ် ဆိုင်တာပေါ့ဗျ ….အဲဒီလူတွေ အသင်းကန်လိုက်တိုင်း ဘယ်တော့မှ ကြက်ဥဘဲဥ မကွဲပဲ
  အရှက်မရှိ ရှုံးပြီးပြန်ပြန်လာတယ်။ကျုပ်က သုညလေ ကျုပ်သိက္ခါကျတာပေါ့ ”
“ ဟေ့ …. ငထွဋ်ကြီး  ဒီမှာ သုညဆိုတဲ့အကောင် မင်းတို့ကို စောက်သုံးမကျဘူးပြောနေတယ် ”
“ အန် … ဘယ်ကကောင်လဲ … ငထွဋ်ကြီး အကြောင်း မကြားဖူးသးလို့ ထင်တယ် …
  အေး ငါလာပြီ အွန်လိုင်းပေါ်မှာ ငါကိုဖိုက်ရဲတဲ့ တစ်ကောင်မှ မရှိဘူးဆိုတာ မကြားဘူးဖူး
  ထင်ပါ့ …. ညင်းညင်း ….”
“ မဟုတ်ပါဘူး … ကျုပ်က … ကျုပ်အားပေးတဲ့ အသင်း တစ်ခါမှ မနိုင်ဘူးလို့ 
  ဂရုဏာဒေါသော ပြောမိတာပါ ”
“ အောင်မာ ကြီးကြီးကျယ် … မင်းက ဘာကောင်မို့လို့တုန်း … ဘာဖြစ်ဖြစ်ကွာ .. 
  ငါတို့ ဘောလုံးပေါက်သွားတာနဲ့ အတော်ပဲ …. မင်းကိုပဲကန်ရမယ် ”
     အဲဒီလိုနဲ့ လူဖြစ်ခါနီး အကောင်ကြီး တွေကြားမှာ ဘော့လုံးတစ်လုံး အဖြစ်လှိမ့်အကန်ခံ
ခဲ့ရပါတယ် ။အဆိုးဆုံးက ကျနော့်ကို ကန်ပဲကန်ကြတယ်။ခေါင်းတိုက်ပြီးဘယ်တော့
မှ ဂိုးမသွင်းဘူး ။ ဒီတော့ သူတို့ရဲ့ ဆုံးနိမ့်ခြင်း အကြောင်းကို ရိပ်စားမိခဲ့တယ် ။
                                     (၃)
“ ဘယ်လိုလည်းဗျ … ဒေါ်ကြာညိုရ … အရောင်းအ၀ယ်ကောင်းလား ”
“ မကောင်းပါဘူးဟယ် … အရောင်းအ၀ယ်မကောင်းရတဲ့ကြား တစ်လုံးထဲကပ်လွဲသွားတယ်
   ဒါနဲ့ … နင်က ဘာကောင်လေးတုန်း ”
“ အာဗျာ .. ခင်ဗျားကလည်း အပွေးမြင် အပင်သိမှပေါ့ ။ကျုပ်က သုည ပါ ”
“ ဘာ သုည …. သုည ဆိုတော့ .. အာလိုက်ရင် ဘာပါလိမ့် ”
“ အာဗျာ … ခင်ဗျား မှာ ဒါကြောင့် ဒီလို ငါးစိမ်းသည် ဖြစ်နေတာ ။သုည ပါဆိုမှ ဘာမှ အာစရာ
   ပတ်စရာမလိုဘူး ”
“ အော် … အေးအေး ….လာထိုင်ပါကွဲ့ … ငါ့ကံရှိလို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့
   ဧည့်သည်ဆိုတော့ ဧည့်ဝတ်ကျေရမှာပေါ့ ”
“ အာ … ရပါတယ် ဒေါ်ကြာညိုရ …. ခင်ဗျားလည်း ပြေလည်တာမှ မဟုတ်ပဲ ဖြစ်သလိုပေါ့ ”
“ ဘယ်ဟုတ်မလဲကွယ်ခဏနေဈေးကွဲတော့မှာ နေ့လည်ဂိမ်းအမီသွားထိုးလိုက်ဦးမယ်။
  စလောင်းကြည့် .... ပြီးမှ ပြန်လာမှာနော် ဆိုင်စောင့်ထားဦး ”
“ ဟုတ် သွားပါရပါတယ် … ကျုပ်က သုညဆိုပေမယ့် ဈေးတော့ ရောင်းတတ်ပါတယ်ဗျ ”
     ခဏနေတော့ ဒေါ်ကြာညိုကြီး တစ်ယောက် ၀မ်းသားအားရနဲ့ ပြန်လာတယ်။ သုညပူး
ထွက်လို့တဲ့ ။ကျုပ်ကိုလည်း အိမ်ဦးခန်းမှာ တင်ကျွေးထားလေရဲ့ဗျာ ။ဒါပေမယ့် ကျုပ်
အပျော်တွေဟာ ရေရှည်မဖြစ်ခဲ့ပါဘူး။
“ ဟင် … မသာကောင် … နင်ယောက်လာကတည်းက နှစ်ဂိမ်းပဲ ပေါက်တယ် ။နတ်ကိုးထားတဲ့ပိုက်ဆံတောင် မကျန်ဘူး ကုန်ပြီ … သွားနင် ငါအိမ်မှာ မနေနဲ့ သွားတော့ ”
“ ကျနော်မှ မထိုးခိုင်းတာ ကိုယ့်ဟာကိုထိုးပြီးတော့ … သုည ချည်းပဲ အမြဲတမ်းတော့
  ဘယ်ထွက်မလဲဗျ … ဒါလေးတောင်မှ မစဉ်းစားနိုင်ဘူးလား ”
“ အောင်မယ် … နင်မမလားလို့ပေါ့ … အလကား ဘာမှ သုံးစားမရတဲ့ သုည ဘုရားတမနေနဲ့ ”
“ မလုပ်ပါနဲ့ ဂျီးတော်ရယ် ကျနော်ကို ခိုင်းချင်တာ ခိုင်းပါ ဘယ်မှ မသွားပါရစေနဲ့ ”
“ အေး ဒါဆိုလည်း ငါ့ဆီမှ ပိဿလေးလုပ်ပေးပေတော့  … ၀ိုင်းဝိုင်းစက်စက်လေးဆိုတော့
   အလေးလှတာပေါ့ ”
      ဒီလိုနဲ့ ငါးစိမ်းသည် ဆီမှာ ကျနော် ပိဿလေး ဖြစ်ခဲ့ရပြန်ပါတယ်။ဒီငါးစိမ်းသည်နဲ့
ပေါင်းမှ ပိဿလေးနဲ့ ဘေးပစ်တယ်လို့ တောင်အမည်တွင်ခဲ့ရတယ်။တစ်ခါတစ်ခါ သူချိန်ခွင်
ချိန်ပြီဆို အသက်အောင့်ပေးထားရတာ ခဏခဏ ၊ နောက် ဈေးဂေါင်းရုံးရောက်ရတာလည်း အကြိမ်ကြိမ်ဆိုတော့ ကျုပ်နာမည်ပျက်တာပေါ့ ။ သုညက တန်ဘိုးတော့ အကျမခံနိုင်တာနဲ့ ဒေါ်ကြာညို ဆီက လစ်ထွက်ခဲ့ပြန်တယ် ။
 …………………………………..
                           (၄)
     ဒီတစ်ခါတော့ ကိုယ့်ဘ၀ကိုယ်စဉ်းစားရပြီ ။ အတည်တကျ အလုပ်လေးလည်း
လုပ်ချင်ပြီ ။ဂွကောင်းကောင်းတစ်ခုတော့ ထိုင်ဖို့သင့်ပြီ ။ဘာမှ အဖိုးမတန်တဲ့ သုည အဖြစ်နဲ့တော ဘ၀အဆုံးမခံနိုင်ဘူး။
      ဒီလိုနဲ့ မြက်ခင်းစိမ်းစိမ်း ကွင်းပြင်ကြီးထဲ ကျွန်တော်ရောက်သွားတယ်။မော်လည်း
မောလာတော့ တစ်ရေးတစ်မော အိပ်မယ်ဆိုပြီး ကျင်းတစ်ကျင်းထဲ ထိုးဝင် အိပ်ပစ်လိုက်တယ် ။
“  ဘာလဲဟ … ဟေ့ဟေ့ ကောင်လေးတွေ လာစမ်းပါဦး ဒီကျင်းထဲက ဟာ အပြင်ထုတ်ပေးစမ်း ”
   ကျနော်လည်း အိပ်မောကျနေတော့ အိပ်ရာက လန့်နိုးလာတယ် ဆိုရင်ပဲ
“ မင်းက ဘာကောင်လည်း … ဘာလို့ ငါကျင်းထဲဝင်စိမ်နေရတာလဲ ”
“ ကျနော်တအား အိပ်ချင်လို့ …. ၀င်အိပ်မိတာပါ ခင်ဗျ … ကျနော် သုညပါ ”
“ အိပ်စရာ ရှားလို့ကွာ … အေးပေါ့လေ … မင်းလိုတန်ဖိုးမရှိတဲ့ ကောင်က ဒီလိုပဲ နေထိုင်စားသောက်
  ရမှာပေါ့ ”
“ ဟုတ်ပါတယ် ခင်ဗျာ.. ကျနော့်မှာ အလုပ်အကိုင်လေးများ ရှိရင်ပေးပါလား အာစိရယ်။ ကျနော်က
  သုည ဆိုတော့ ဘာလုပ်ရလုပ်ရပါ။ဘယ်သူနဲ့ပေါင်းပေါင်းရပါတယ်… အာစိရယ် ..
  အာစိနဲ့ကျနော်နဲ့ ပေါင်းရင် အာစိ အများကြီး အကျိုးရှိမှာ သံသယမရှိပါနဲ့ ။အာစိရဲ့
  ပိုင်ဆိုင်မှုတွေနောက် ကျနော့်ကို ပေါင်းလိုက်ရင် ကမ္ဘာကြီးတောင် ၀ယ်လို့ရမှာပါ အာစိရယ်နော် … ”
“ အေး ဟုတ်တယ် .. ငါ နဲ့ မင်းပေါင်းရင် ငါ့အတွက် တန်းဖိုးတွေ အများကြီးတက်
  သွားနိုင်တယ်။ ဒါပေမယ့် မင်းအရည်အချင်းကို စမ်းသပ်ရမယ်… ဟိုမှာ အနားယူ
 နေတဲ့ညွှန်မှုးတွေ အရာရှိကြီးတွေဆီသွား ငါ တရုတ်ကသွင်းလာတဲ့ ဂေါက်ပစ္စည်းတွေကို
 ဂျပန်မိတ်ဆိုပြီး သွားရောင်းစမ်း ”
     ကျနော်သွားဖောပြီးရောင်းလိုက်တာ  ကျနော့အာစိ “ ကျောက်ဖားကျယ် ” ရဲ့ ပစ္စည်းတွေ တော်တော်များများကုန်သွားတဲ့အပြင် အခြားပါမစ်တော်တော်များများ
လည်း ရလာခဲ့တယ်။ဒါပေမယ့်ဗျာ ကျနော်ဘယ်လောက်လုပ်ပေးလုပ်ပေး အဲဒီသူဌေးဆိုတဲ့ကောင်တွေဟာ တော်တော်ကို အနံအသက်ဆိုးပါတယ်။ ငါးစိမ်း
သည်ရဲ့ အနံ့အသက်တောင် ခံနိုင်ခဲ့သေးတဲ့ကောင်ပါ။ခင်ဗျားစဉ်းစားကြည့်ဗျာ … ကျနော်ကို ဂေါက်သီးနဲ့ မှားမှားပြီး သူ့ဘောင်းဘီအိပ်ထဲ ထိုးထိုးထည့်နေတော့ …. ကြပ်လည်းကြပ်သေးနံလည်းနံသေးပေါ့ ။ အဲဒါနဲ့ …. …. ကျနော်လည်း ……
…………………………………….

                                          ( နိဂုံး )
      သုညဟာ သုညအဖြစ် နဲ့ လူတွေ အားလုံးအပေါ် မှာ ရိုးသားခဲ့ပါတယ် ။ လူတွေအပေါ်
မှာ သုညဟာမရိုးသား ခဲ့ဘူးဆိုလျှင် …. တစ်ချက်တည်း စားပစ်လိုက်လို့ ရတယ် ။ သူတို့လည်း
ကျနော်လို သုည ဖြစ်သွားမှာပေါ့ ။
       သုညအဖြစ်ကနေ ဖြည်ချပြီး ….. မြွေတစ်ကောင် အဖြစ်ပြန်နေလိုက်တယ်။ပြီးတော့ လာရာလမ်းအတိုင်း ပြန်လှည့်ခဲ့တယ် ။ ဘယ်သူ့ဆီကို အရင်ဝင်ရပါ့မလဲ ….မောင်ဒေါင်း …..  ငထွဋ်ကြီး … ဒေါ်ကြာညို … ကျောက်ဖားကျယ်  …. ….. ။

 ..............................

အဘ ကျုပ်က မြွေနော် … ကိုက်တတ်တယ် … မြွေ ခါးပိုက်ပိုက်မထားသင်ဘူးဆို
တာကြားဘူးတယ် မဟုတ်လား ”
“ မင်းလို ကောင်မျိုးတွေ ငါမွေးလာတာ ဘယ်နှစ်ကောင်မှန်းမသိဘူး။
မင်း သုညယောင်ဆောင်ပြီး ဒုက္ခပေါင်းစုံရောက်ခဲ့တာလည်
း ငါသိတယ်။
ဒီဘက်ခေတ်မှာ ငါမသိတာ ဘာမှ မရှိဘူး ”
“ ကျနော်လို မြွေတောင် မကြောက်ရအောင် … ဒါနဲ့ အဘက ဘယ်သူတုန်း ….. ”
“ ဟေ့ … မင်းတော့ နာချင်ပြီ ထင်တယ် …. ငါက တပ်ချုပ်ကြီးဟောင်း မားရွှေ လေ ….. ”
“ ခင် ..ခ…ခင်ဗျာ …. ဟုတ် … ဟုတ် ကဲ့ အအဘ အအ နားယူ သွား သွားပြီဆို ”
“ဘာမဟုတ်တဲ့ မင်းလို သုညတောင် မြွေအဖြစ်ပြန် လှည့်လာသေးတာ
ငါလို မားရွှေ က အနားယူစရာလား … ”
ဒီလိုနဲ့ တပ်ချုပ်ဟောင်းကြီး မားရွှေဆီမှာ မြွေအဖြစ်ရော သုည အဖြစ်ပါ သရုပ်ဆောင်ပြီး
တစ်ခါတစ်ခါ လျှာထုတ်ပြသင့်တဲ့သူကြပြပေါ
့ ။ အဆင်မပြေတဲ့သူကြ သုည အဖြစ်သူတို့ကို
စားပေးလိုက်ရတယ်။ဒီလိုနဲ့ ကျနော် မောင်သုည ဟာ သမ္မတကြီးဆီရော ၊ ပါတီပေါင်းစုံ ဟိုလျှောက်သွား
ဒီလျှောက်စားနဲ့ နိုင်ငံရေးလောက မှာကျင်လည်ရင်း နေသားတော့ ကျလာပါပြီ။ အော် … ကျေးဇူးရှင် တပ်ချုပ်ကြီး မားရွှေ သက်တော်ရာကျော် ရှည်ပါစေကြောင်း …… )


Bo Han
0 comments

တောအရက်ဆိုင်ကလေး


ပုခုံးပြဲရင်ပြဲမယ် ဒူးကွဲရင်ကွဲမယ်
ဟေ့ ... အသိဥာဏ်ဘယ်တော့ မှမမွဲဘူး
ဒီရွာသား ဒီလယ်လုပ်တယ် ကိုယ့်ထမင်းကိုယ်စား -ီးမိုလို့  ဂျီးတော်နွားကျောင်းရမှာလား
အစိုးရတဲ့ ပြည်သူတွေကို ဖင်ချနေတာ
ဟိုခေတ်ကပေါ်တာ နောက်တော့လုပ်အားပေး ကိုယ်ထူကိုယ်ထ
အခုတော့
ဟို NGO အားကိုးရ ဒီ NGO အားကိုးရနဲ့
မင်းတို့မှာ ဘာများအစိုးရပါလိမ့်
ငါတို့ရွာကျောင်းကြီးဟာ လေးတန်းမအောင်တာကြာပြီ
ရွာဦးကျောင်း ဆွမ်းစားချိန် ခွေးတွေမအူနိုင်တာကြာပြီ
တောင်ပိုင်းက မိညိုလှတို့တစ်သိုက် နယ်စပ်ဘက်ဖာခံထွက်သွားတာကြာပြီ
ရွာထဲကဟာမတွေလည်း ဖရဲစိုက်တရုတ်က ဖရဲသီးလို ခွဲစားနေတာ ကြာပြီ
လူစင်စစ်တွေ ကန်ရေသောက်ပြီး မြက်ခြောက်စားနေရတာ ကြာပြီ
ဟေ့ .. ငါ့အရက်နဲ့ငါဆဲတယ် မင်းအသားပဲ့ပါသွားသလား .....

ဒီမိုကရေစီ တဲ့ ဘာလဲ ငါတို့ရွာကို ဘယ်တော့မှ မရောက်မယ့်ခြေလှမ်း
ဆင်လီးခွေးမျှော်သလို ဘာကိစ္စ ငါတို့ ဘယ်ကိုထွက်ပြီး အော်ရမှာလည်း
ဘာလူ့အခွင့်အရေးမှ မသိဘူး ဘာဒီမိုကရေစီမှလည်းမသိဘူး
စုလည်းမစုချင်တော့ဘူး ၊ သိန်းလည်းမသိန်းချင်တော့ဘူး
ငါတို့လယ်ငါတို့ပြန်ပေး ၊ လွတ်လပ်စွာ စိုက်ချင်ရာစိုက်ခွင့်ပေး
ဓာတ်မြေသြဇာပေး စက်မရှိလည်း လက်နဲ့ထွန်ခွင့်ပေး
ငါတို့ဘိုး ငါတို့ဘွားကတည်းက လယ်စိုက်စားလာတာ လယ်စိုက်စားတဲ့လယ်သမားတဲ့ဗျာ အရပ်ရပ်နေပြည်တော် ကြားလို့တော်နေသလား စပါးမပြောနဲ့ နွားတောင် ကောက်ရိုးမစားရတာကြာပြီ
နှစ်သီးစား သုံးသီးစားတဲ့ ဘာမှနားမလည်ပဲ လွှတ်တော်ထဲ ပဲကြီးလှော်သွားဝါးနေတဲ့ကောင်တွေ နံတယ်
သူ့အချိန်သူ့အခါ စပါးပြီးရင် နှမ်းစိုက်စိုက် ပဲစိုက်စိုက် မြေဆီမြေသားတက် ခွင့်ပေးမှ စပါးထွက်မယ် နှမ်းထွက်မယ် ဆိုတာ မသိဘူးလား
အခုတော့  စပါးပြီးစပါး စပါးပြီးစပါး ရူးများနေကြသလားမသိဘူး
ရူးရင်လည်း ကိုယ့်ဖာသာရူးကြဟေ့ တိုင်းပြည်နဲ့ချီပြီးတော့ ရူးအောင်မလုပ်နဲ့
ဘယ်မင်းတက်တက် ဘယ်သူလာလာ ကျားကြောက်လို့ ဆင်ကြီးကိုးမှ ဆင်ကြီး -ိုးတော့ စောက်ကျိုးတွေနည်း ကုန်တာပေါ့
ထင်းခုတ်တဲ့ဓား က မင်းတို့အတွက်ဖြစ်သွားမယ် ဘယ်ခွေးမှ လူမထင်ဘူး
 ဟေ့ .. ငါ့အရက်နဲ့ငါဆဲတယ် မင်းအသားပဲ့ပါသွားသလား

ဘယ် ... ဥက္ကဌ ဖြစ်ဖြစ် ငှက္ကဌဖြစ် မင်းကိုကြောက်နေရမှာလား
မင်းက ငါတို့ရွာသား ဒီရွာမှာနေ ဒီရွာရေသောက် ဒီမြေပေါ်သေးပေါက်တဲ့ကောင် ဒီစောက်ချိုးပဲချိုးရမယ် ဟိုယောင်ယောင်ဒီယောင်ယောင် ဇရက်လိုလိုကြက်လိုလို အကောင်တွေ
သတိထား ဆောက်ဖြစ်မှကျောင်းတကာရယ် သူတို့လမ်းကြောင်းနဲ့သူတို့ရှိပြီးသား
ကိုယ်လမ်းကိုယ်ပြင် ကိုယ့်လမ်းကိုမြင်ကြ ဘယ်သူ့ဖင်မှသွားယက်မနေနဲ့
အောင်မာ .... စောက်ကြီးစောက်ကျယ်နဲ့ လမ်းပေါ်ထွက်ဖို့ဆိုတာ ဝေလာဝေး ခွေးဟောင်တာတောင်ထမကြည့်ရဲတဲ့ကောင်က များ....

ဟေ့ .. ငါ့အရက်နဲ့ငါဆဲတယ် မင်းအသားပဲ့ပါသွားသလား

ဟေ့ .. ငါ့အရက်နဲ့ငါဆဲတယ် မင်းအသားပဲ့ပါသွားသလား

ဟေ့ .. ငါ့အရက်နဲ့ငါဆဲတယ် မင်းအသားပဲ့ပါသွားသလား

Bo Han
0 comments

အဖေ(သို့မဟုတ်)လူတွေရဲ့ ရင်ဘတ်ထဲက Download ဆွဲချထားတဲ့ကဗျာ



အဲဒီနေ့ကမိုးတွေရွာတယ်
ကျွန်တော်ထင်တယ် အဲဒီနေ့က
ရဟန်းသံဃာ နတ်ဒေ၀တာ
လူကြီးသူငါကလေးတွေပါ ပူလောင်ပြင်းပြ ချုံးပွဲချ
သူတို့စိတ် သူတို့ခန္ဓာတွေ
ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိအောင်
ဆောက်တည်ရာမရ ပြေးလွှားနေလိမ့်မယ် ။
၁၉၄၇ ဇူလိုင်လ ၁၉ ရက်
စနေမနက်ရဲ့  ၁၀နာရီ မိနစ် ၄၀ မှာ
စနေသားရဲ့  ကံကြမ္မာ
ကျွန်တော်တို့ အားလုံးရဲ့  ကံကြမ္မာဟာ ကျွမ်းထိုးမှောက်ခုံပျက်ကျ
အဲဒီနေ့က မိုးတွေရွာနေတယ်
အဲဒါ အငြိုးတကြီးနဲ့  မိုးသီးမိုးပေါက်တွေလား
                              မဟုတ်ပါဘူး
သေမင်းတမန်ကျည်ဆံတောင့်တွေပါ ။

အဲဒါ လျှပ်စီးနေတဲ့ လက်သည်းတွေလား
                             မဟုတ်ပါဘူး
ပြောင်းဝကစီးယိုကျလာတဲ့ ငရဲမီး ငရဲခက်တွေပါ ။

အဲဒါ မိုးကြိုးမုန်တိုင်းတွေရဲ့ ဟစ်အော်ပေါက်ကွဲသံတွေလား
                             မဟုတ်ပါဘူး
ဘရင်းဂန်း စက်သေနတ်တွေရဲ့  သွေးဆာအော်မြည်သံတွေပါ ။

အဲဒီမှာ
သူတို့နဲ့အတူ ကျွန်တော်တို့အားလုံး အတုံးအရုံး
ကြမ်းပြင်ပေါ်လဲကျသွားလေပေါ့ ၊
လူသေတွေလား မဟုတ်ပါဘူး
ကျွန်တော်တို့ရဲ့  နိုင်ငံတော်ကြီးပါ ။

ဖြာစီးကျသွားခဲ့တာ သွေးတွေလား
မဟုတ်ပါဘူး ။ အဝေးကြီးက အလင်းနှစ်သန်းနဲ့ချီ
စီးဆင်းလာခဲ့ရတဲ့ ကျွန်တော်တို့ရဲ့
မျှော်လင့်ချက်အလင်းရောင်တွေပါ ။

သူကြောင့်
ရဟန်းသံဃာတွေလည်း မျက်ရည်ရွှဲခဲ့ရ
သူကြောင့်
အဘိုးအဘွားတွေလည်း တရားမနိုင် ဓားတကိုင်ကိုင်ဖြစ်ခဲ့ရ
သူကြောင့်
လူငယ်လူကြီး ဘီလူးစီးသလို ဒေါသတွေတောက်ခဲ့ရ ။

မိုးတွေရွာနေတယ်
ဘ၀ဟာတိုတောင်းလွန်းပါတယ်
တိုတောင်းတဲ့ဘ၀တွေကို
ပိုကောင်းအောင်လုပ်ပေးတဲ့သူတွေရဲ့  ဘ၀တွေဟာ
ပိုပြီးတိုတောင်းလှပါတယ် ။

ဗုဒ္ဓဟာ
ကျွန်တော်တို့လူသားတွေအတွက်
သက်တော်ထင်ရှားရှိခဲ့တာဟာ တိုတောင်းလွန်းပါတယ်
ဗိုလ်ချုပ်လည်း
ကျွန်တော်တို့အတွက် မိုးချုပ်အောင်နေမသွားရပါ
လူ့ဘ၀ ၃၂ နှစ်စာလေးကို အလေအလွင့်မရှိအောင်ထုပ်ပိုး
ကျွန်တော်တို့ တစ်ခေတ်လုံး ပခုံးပေါ်ထမ်းတင်လို့
မြစ်ကြမ်းပြင်ကြီးကိုဖြတ် ပင်လယ်ကိုရောက်အောင်သွားရင်း
သူ့ခမျာ ရေတိမ်နစ်ခဲ့ရ ။

မိုးတွေရွာနေတယ်
ရွာနေတဲ့မိုးတွေထဲမှာ
အာဇာနည်ဆိုတာ ဘယ်လိုမျိုးလည်း
ကျွန်တော်စဉ်းစားနေမိတယ် ။

အာဇာနည်ဆိုတာ
ရည်းစားအတွက်
စောင့်နေတဲ့ဓားကို ရင်ဘတ်နဲ့ဝင်တိုးပစ်လိုက်တဲ့
ငတုံးငအတစ်ကောင်ရဲ့ လက်ဖျံရိုးပေါ်က
ဆေးမင်ကြောင်ရုပ်တွေလား ။

အာဇာနည်ဆိုတာ
သူ့ပြည်သူတွေ ဒီထက်ပိုအထင်ကြီးအောင်လို့
ဘုရားရှိခိုးကျောင်းရဲ့  ပြဿဒ်ပေါ်
မတ်တပ်တက်ရပ်ပြနေတဲ့ ဘုရင်တစ်ပါးရဲ့ လုပ်ရပ်လား ။

အာဇာနည်ဆိုတာ
ရှက်စိတ်နဲ့ သူ့ရင်သူ ဓားမြှောင်နဲ့ထိုးခွဲ
အူအခွေလိုက်ဆွဲထုတ်ကာ
ဘုရင်ကိုတစ်ပတ် ပတ်ပြီးမှ လဲကျသေဆုံးသွားလေတဲ့
ရူးသွပ်သွပ် သရုပ်ဖော်တင်ဆက်မှုလား ။

အာဇာနည်ဆိုတာ
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးတွေအတွက်
သူတစ်ပါးတိုင်းပြည်ရဲ့  အသားတစ်ကို
ကျုးကျော်ဝင်ရောက် အလစ်သုတ်သွားတဲ့
ကျီးကန်းတစ်ကောင်လား ။

အာဇာနည်ဆိုတာ
အားကောင်းမောင်းသန် အာချောင်ပြီးမှရလာတဲ့
သူများမျက်ရည်နဲ့
ကိုယ့်မိသားစုဝမ်းမီးကိုငြိမ်းနေတဲ့
မဟော်ဂနီရောင်ထနေတဲ့ ဧည့်ခန်းဆောင်ထဲက
နတ်သုဒ္ဓါတစ်မျိုးလား ။

အာဇာနည်ဆိုတာ
မေးခွန်းတွေကြည့်ပဲလား အဖြေမပါတော့ဘူးလား ။
အာဇာနည်ဆိုတာ
ဟုတ်ကနဲထတောက်တတ်တဲ့ ကောက်ရိုးမီးမဟုတ်ဘူး ။
အာဇာနည်ဆိုတာ မတော်တဆဖြစ်လာတာ မဟုတ်ဘူး ။

အာဇာနည်ဆိုတာ
ဗီးဆူဘီယပ် မီးတောင်ကြီးပေါက်ကွဲလို့
ပွန်ပေမြို့ကြီးတစ်မြို့လုံး
ချော်ရည်ပူတွေအောက် နစ်မြှုပ်သွားနေချိန်မှာတောင်
မီးခိုးနဲ့ပြာတွေမ၀င်အောင်
လက်တစ်ဖက်နဲ့  နှာခေါင်းကိုပိတ်ပြီး
ရင်ကော့သေနေတဲ့
ရောမစစ်သားလေးတစ်ယောက်ရဲ့  သစ္စာရှိမှုနဲ့
တာဝန်ကျေပြွန်မှုတစ်ခုလား ။

အာဇာနည်ဆိုတာ
လမ်းမလျှောက်နိုင်တာတောင်
နိုင်ငံအတွက်
ကုလားထိုင်နဲ့ စစ်ပွဲကိုရောက်လာရင်း
ထိခိုက်သေဆုံး အနိစ္စရောက်သွားရှာလေတဲ့
ကမ္ဘာကျော်စစ်ဗိုလ်ကြီး ဂွန်ဇားလို ဆိုသူလား ။

အာဇာနည်ဆိုတာ
လျှို့ဝှက်ချက်မပေါက်ကြားအောင်
ကိုယ့်လျှာကို ကိုက်ဖြတ်ခဲ့တဲ့
သူရဲကောင်းမိန်းမတွေလည်းရှိခဲ့ ။

သမိုင်းမှာ
ကျုပ်မရှိရင်
ကျုပ်လူနာတွေ အကုန်သေကုန်မှာပေါ့လို့ပြောပြီး
ရန်သူလက်ထဲ ရပ်ကျန်ခဲ့တဲ့ဆရာဝန်လည်းရှိခဲ့ ။

သမိုင်းမှာ
သမိုင်းမှာ
သမိုင်းမှာ

သမိုင်းဆိုတာ
နောက်ကလိုက်ရတဲ့ အစေခံတစ်ယောက်သာဖြစ်ပြီး
အာဇာနည်ဆိုတာ
ရှေ့ကသွားနေတဲ့ သူရဲကောင်းတစ်ယောက်သာဖြစ်တယ်
အာဇာနည်ဆိုတာ
စွန့်ရဲ ကျွံရဲ နွံထဲဆင်းရရုံတင်မက
အာဇာနည်ဆိုတာ
လက်ရုံးရည် နှလုံးရည်
ဝတ္တရားတာဝန်ကျေခြင်းတို့နဲ့ ဖွဲ့စည်းထားတဲ့
ကောင်းကင်ဖြစ်တယ်
မြေကြီးဖြစ်တယ်
လေနဲ့ရေပါဝင်တဲ့ ဓာတ်ကြီးလေးပါး
သဘာဝတရားကြီးလည်းဖြစ်တယ် ။

ဘာပဲပြောပြော
မိုးတွေကတော့ ရွာနေဦးမှာပဲ
ရွာနေတဲ့ မိုးစက်မိုးပေါက်တွေအောက်မှာ
အာဇာနည်တွေကတော့
မြေကြီးတွေထဲအတင်းတိုးထွက်
တဖွားဖွားဆက်ပြီး ပေါက်နေကြဦးမှာပါပဲ ။
ပြန်တွေးကြည့်တယ်
တကယ်တော့ သူဟာ သူ့ဘ၀တစ်လျှောက်လုံး
အာဇာနည်ဆိုတဲ့ စကားလုံးကိုသင်ဖူးခဲ့လိမ့်မယ်မထင်ဘူး
တကယ်တော့ သူဟာ သူ့ဘ၀ တစ်လျှောက်လုံး
လူငယ်ဘ၀ လွတ်လပ်မှုတွေ ဆုံးရှုံးခံလို့
ဆံပင်စုတ်ဖွား မေးရိုးကားကား လူ့ဂွစာ တစ်ယောက်လိုနေခဲ့
ရေမချိုး မိုးမချိုး အင်္ကျီတစ်ထည် စာအုပ်တစ်ပုံနဲ့နေခဲ့
ခြင်ထောင်တစ်လုံး ကြမ်းပိုးတစ်ကောင် ဖျာကြမ်းတစ်ချပ်
အခန်းတစ်ခန်းနဲ့သာနေခဲ့
မရှိတာထက် မသိတာကို သူပိုကြောက်နေခဲ့ပုံပဲ
နိုင်ငံ့အရေးတစ်ခုကလွဲရင်
“ ထမင်းစားပြီးပြီလား ”
“ ဘယ်ကပြန်လာတာလဲ ”
“ ဘယ်သွားမလို့လဲ ” သူစိတ်မ၀င်စား
အလ္လာပ သလ္လာဘတွေနဲ့ သူ့အတွေးတွေကို အဆုံးအရှုံးမခံ
စားချင်ရင်
ဂုဏ်သရေရှိတွေရှေ့စားပွဲပေါ်က
ဘယာကြော်တစ်ခုကို ဆတ်ခနဲ ကောက်ယူစားပစ်လိုက်ဖို့
ဝန်မလေး
ကြည့်ချင်ရင်
အာဏာမသုံး ပါဝါမသုံး
ရုပ်ရှင်တစ်ကား ဈေးအပေါဆုံးရှေ့တန်းက ၀င်ကြည့်ဖို့
ဝန်မလေး
ကျည်ဆန်တွေ မထိမှန်ခင်ကတည်းက
သူ့စွပ်ကျယ်ဇကာပေါက် ဖြစ်နေခဲ့တာလေ
အရိုင်း သို့မဟုတ် အောင်ဆန်းဟာ
ရိုင်းတာထက် လွပ်လပ်နေရတာကို ပိုကြိုက်ခဲ့တာပဲ ။

ဓာတ်ရှင်မင်းသားတွေထက် လူတွေက
သူ့အသားကို ပိုထိချင်ကြတယ်
ရေအိမ်သွားတာအဆုံး တရုန်းရုန်း
အဘိုးအဘွားတွေက အကဲဆုံးလိုက်ကြည့်ကြရတယ်
ကဲ ကြည့် သူ ဘယ်လောက်ရဲရင့်သလဲ
ဗိုလ်မိုးကြိုးကို ဓား ဓားချင်း
မောင့်ဘက်တန်ကို စကား စကားချင်း
သူကစိန်မခေါ်ပေမယ့်
ခေါ်တဲ့စိန်ကို တိမ်ပေါ်အထိလိုက်ခဲ့တာ
သူ ဟိုင်နန်ကျွန်းမှာ စစ်ပညာသင်ရင်း
ပန်ကန်ဆေးခဲ့ရတာ ခင်ဗျားတို့သိလား ။

သူ သူဟာ
သူ့ကိုယ်ကလွဲရင် အားလုံးကို ပုံအော ချစ်နိုင်ခဲ့သူပဲ
လှေတစ်စင်းနဲ့ အမွိုင်ကို ထွက်သွားတုန်းက
သူ တစ်ချက်လှည့်မကြည့်ခဲ့ဘူး
ပိုက်ဆံတစ်ပြားမှ မရှိလို့ ဆာလောင်မွတ်သိပ်နေရင်လည်း ကိစ္စမရှိ
ဘယ်သူ့ဆီမှ လက်မဖြန့် ရှေ့မှာစာအုပ်တစ်အုပ်သာ ဖြန့်ထားတယ်
အဲဒီလို တင်းတင်းမာမာ

ကျောက်သားလို ခြောက်ခြားဖွယ်ကောင်းလောက်အောင်
လျှောက်နေတဲ့လူတစ်ယောက်ဟာ
သူ့အမေရှေ့မှာ ခေါင်းငိုက်စိုက်
ရထားထွက်မှ ဒူးထောက်ထိုင်ချ ကန့်တော့ရဲတဲ့
ကျွန်တော်တို့အတွက် သူနှလုံးသား သူဆွဲဖဲ့ထားတဲ့လူ ။

အပြင်မှာ မိုးတွေရွာနေတယ်
ရွာနေတဲ့ မိုးအောက်မှာ ရွာစရာမရှိတော့လောက်အောင်
ကျွန်တော်တို့ မျက်ရည်တွေ ခမ်းခြောက်ခဲ့ပါပြီ
သူမရှိတော့
မြစ်ကြီးလည်း ဘယ်ကိုစီးရမှန်းမသိ
သူမရှိတော့
အမျက်ခရီးလည်း ဘယ်လိုအဆုံးသတ်ရမှန်းမသိ
သူမရှိတော့
ရှိနေတဲ့သစ်ပင်တွေ ဘယ်လိုရှင်သန်လို့ ရှင်သန်ရမှန်းမသိ
သူမရှိတော့
မသိမှုခြောက်ကြီးဟာ ပိုနက်ရှိုင်းလာ
သူမရှိတော့ ရွာနေတဲ့မိုးမှာ အက်ဆစ်တွေပိုအားကောင်းလာ

ငါတို့မေံမရအောင်
ကဲ သူဘာများပြောခဲ့လို့လည်း
ကြည်ပဲပြုပ်နှင့်နံပြားစားချင်တယ် ဒါပဲ မဟုတ်လား
ငါတို့သတိရနေအောင်
သူကဘာများ တောင်းးဆိုခဲ့လို့လဲ
လွတ်လပ်ရေးရပြီးရင် အေးအေးဆေးဆေးစာရေးမယ် ပြီးတော့
သစ်ပင်ပန်းမန် ခြံစိုက်မယ် ဒါပဲမဟုတ်လား

ငါတို့တသက်မမေ့အောင်
သူ ဘာများရသွားခဲ့လို့လည်း
ကျည်ဆံ ၁၃ တောင့်နဲ့ ကြေကွဲစရာ စွန့်လွှတ်မှုကြီး
ဒါပဲ မဟုတ်လား ။


အာဇာနည်ဆိုတာ / သူရဲကောင်းဆိုတာ
အိပ်ပျော်နေရင်တောင် အိပ်မက်မမက်ဘူး
ဘာဖြစ်လို့လဲဆိုတော့
အိပ်မက်ကသူ့ကို ပြန်ပြီး အိပ်မက်မက်နေမှာ မိုလို့ပဲ ။

ကျွန်တော်တို့ဟာ သူ့ကို အိပ်မက်ထက်ပိုပြီး
ဒဏ္ဍာရီလာ သူရဲကောင်းအာဇာနည် တစ်ဦးအဖြစ်
စိတ်ထဲစွဲထင်မိတော့တယ်
သူဆုံးသွားတော့
ကမ္ဘာ့ ကမ္ဘာ့ခေါင်းဆောင်တွေက
မြန်မာပြည်အတွက်သာမက
အာရှတိုက်အတွက် အကြီးကျယ်ဆုံး ဆုံးရှုံးမှုလို့ပြောကြတယ် ။

တကယ်တော့
လူတစ်ယောက်ကို ချစ်ရတာ မလွယ်ပါဘူး
သားသမီးတွေက မိဘကိုချစ်ရတာ လွယ်သလောက်
မိဘက သားသမီးတွေကို ချစ်ရတာ မလွယ်ပါဘူး
သူဟာ ကျွန်တော်တို့ကို အဖေတစ်ယောက်လို ချစ်ခဲ့
သူများအစော်ကား အနှိပ်စက်ခံ ငရဲနွံထဲက
အသက်ကိုရင်းကာ ဆွဲထုတ်ပေးခဲ့
အဖေရေ  အဖိုးရေ
ကျွန်တော်တို့ရဲ့ အဖိုးမဖြတ်နိုင်တဲ့ သူရဲကောင်းကြီးရေ
အပင်ကို စိုက်ပျိုးခဲ့ပြီး မှ
အသီးပွင့်အောင်မလုပ်နိုင်ခဲ့တဲ့
ကျွန်တော်တို့ကို ခွင့်မလွှတ်ပါနဲ့တော့လေ
အဖေသာရှိရင်
ပန်းခင်းထဲ မြင်းစီး ခုလောက်ဆို
ကျွန်တော်တို့ ကောင်းကောင်း သီချင်းဆိုနေရပြီ

အဖေသာ ခုချိန်
ကောင်းကင်ဘုံတစ်နေရာက ငုံကြည့်မိရင်
သေနတ်မှန်ခဲ့ရတုန်း သွေးထက်
ခု ရှက်တဲ့သွေးက ပိုရဲနေလိမ့်မည် ။

အပြင်မှာ မိုးတွေရွာနေပါတယ် အဖေ
အဲဒီမိုးဟာ နီရဲလို့
အဖေအပါအ၀င် အာဇာနည် ၉ ဦးရဲ့ သွေးတွေပေါ့
အဲဒီသွေးတွေ ကျွန်တော်တို့ အပေါ်စီးကျလာမှ
ရုတ်တရက် သွေ့ခြောက်ကန္တာရမြေထဲ ခုန်ထမိတယ်
ကျွန်တော်တို့ အိပ်ပျော်သွားတဲ့နှစ်တွေ မနည်းပါ့လား
ကုန်းထ
အဲဒီသွေးတွေနဲ့ ငါတို့ခေတ်ကို ရှင်သန်ရအောင်
အဲဒီသွေးတွေနဲ့ ငါတို့အလံတော်ကို ပိုပြီးနီရဲအောင်
အဲဒီသွေးတွေနဲ့ ငါတို့အမိမြန်မာနိုင်ငံတော်ကြီး စိမ်းလန်းအောင်
လာပါ ညီငယ် ညီမငယ်တို့
လာပါ အစ်ကို အစ်မတို့  ။       ။

ခရမ်းပြာထက်လူ

ကဗျာမှာ အဆုံးနည်းနည်း ကျန်ခဲ့ပါသေးသည်။

ဆက်ဖတ်ချင်သူများအတွက်ကတော့ .....

အမေရှိရင် ငွေရှိတယ်
အမေရှိရင် ရွှေရှိတယ်
အမေရှိရင် အရာရာပြည့်စုံတယ်
လာပါ  မိုးထဲ လေထဲ မျက်ရည်မ၀ဲနဲ့တော့
အမေနဲ့အတူ
သမီးတွေက ထီးတွေမိုး
သားတွေက ဓားတွေထမ်း  ဘယ်လောက်ကြမ်းပါစေ
အဖေထားခဲ့တဲ့လမ်း  ကဲ ပြန်ဖွင့်ဆက်လျှောက်လိုက်ကြစမ်းလို့
မိုးထဲလေထဲ အမေ့လက်ကိုဆွဲ
ကျွန်တော် ဟစ်အော် အော်ခေါ်နေမိတယ်  ။

ခရမ်းပြာထက်လူ
0 comments

မောင်ကြီးကို တစ္ဆေ ကိုက်လိမ့်မယ် (မောင်ခိုင်မာ)



     (၁)
သိဒ္ဓတ္တ , လေ
လောကအတွက် သစ္စာလက်ဆောင်
မေးရအောင်ကွယ့် ၊ သန်းခေါင်ငြိမ်ဆိတ်
လူခြေတိတ်မှာ
နန်းရိပ်မှ ခွာခဲ့တယ် ။

သစ်ရွက်တစ်ရွက်
တံတွေး တစ်စက်မျှ တပ်မက်ခြင်းဗလာ
တွယ်တာခြင်း အဖော် ၊ မဖိတ်ခေါ်ချေ
ယသော်ဓရာ ၊ ရာဟုလာတို့
မေတ္တာအချစ် ၊ ဝေးကျန်ရစ်ပြီ ။

ရေကြည် တစ်ငုံ
သဲတစ်မှုန်မျှ ခုန်မင်ခြင်း စင်ကြယ်
ခင်တွယ်ခြင်း တဏှာ ၊ ဖယ်ရှင်းခွာခဲ့
အာဏာနန်းတော် ၊ အဖော်ရံရွေ
မှန်ရွှေပလ္လင် ၊ တေးပဉ္စင်တို့
အခင်အချစ် ၊ စွန့်ကျန်ရစ်ပြီ ။

       (၂)

 တောခိုချင် စိတ်ကယ်နဲ့
သပိတ်ကို  လွယ်
သရေနွယ်ကွဲ့ ရှာတုန်း ...... ။
ချောင်  အနီးမှာလ
မောင်ကြီးကို  တစ္ဆေကိုက်လိမ့်မယ်
မင်းလိုက်ခဲ့အုံး ..... " တဲ့
ရွှင်ပြုံးတသ ၊ ခဏ , ခဏ
သတိရနေ
'' စလေ ဦးပုည " ရဲ့
နဘေ မြူးခုန်ကြွတဲ့  ကဗျာတစ်ပုဒ် ...... ။

လောက အတွက်
ကဗျာလက်ဆောင် ၊ ဖေးရအောင်ကွဲ့
ငါဟဲ့ ယောက်ျား ၊ ငါနောက်ပါးက
မယားနဲ့သား ၊ ခါးဖက်ထားကြ
ဖ၀ါးမကွာ ၊ အနားမှာ  နေ  နော်  ...... ။           ။

( 1979 ဇွန်လထုတ် ရှုမ၀မဂ္ဂဇင်း မှ )

         ကဗျာဆ၇ာဆိုတာ သမိုင်းထက် ပိုပြီး လိုရင်း  အမှန်တရားဘက်ကို နီးစပ်မှုရှိတယ်လို့ မိမိ ယုံကြည်တယ် ။ ကဗျာဆိုတာ သိပ္ပံ ပညာထက် ပိုပြီး  ကမ္ဘာကြီးပေါ်မှာ  မှန်ကန်စွာ ခံစား  နားလည်တတ်တယ်လို့ မိမိ ယုံကြည်တယ် ။

         ကဗျာ အတွေ့အကြုံနဲ့ ပတ်သက်ပြီး စကားလက်ဆောင် ပါးရရင်တော့ မိမိရဲ့ အတတ်ပညာက မိမိရဲ့ ကဗျာ (ဝေဒနာ) နောက်ကို တကောက်ကောက်လိုက်ရရင်မကောင်းဘူး ။မိမိ ဝေဒနာ (ကဗျာ) က မိမိရဲ့ အတတ်ပညာကို အလိုအလျောက် မောင်းနှင် သယ်ဆောင်သွားနိုင် ရမယ်။ ဝေဒနာက အတတ်ပညာကို ဦးဆောင်နိုင်ရမယ် ။

        ဒါကြောင့် ကဗျာဆိုတဲ့ အနူပညာကိစ္စမှာ နိမိတ်ပုံရဲ့ ခွန်အားတွေ ၊ စကားလုံးတွေရဲ့ မှော် အစွမ်းတွေ ၊ ဝေဒနာရဲ့ စောင်းကြိုးတွေ နဲ့ ကမ္ဘာကြီးရဲ့ အသွေးအသား အသည်းနှလုံးတွေကို ဂီတသံ ထွက်လာအောင် တီးခတ် လှုပ်နှိုး နိုင်ရမယ်လေ ။

        ပြီးတော့ ကဗျာဆရာဆိုတာ သံသရာကိုလည်း ချစ်တတ်ရဦးမယ်လေ ..... ။         ။

                    မောင်ခိုင်မာ

               စာမော်ကွန်း (ဂ) ၇ / ၈၈
0 comments

ဗန်းမော်တင်အောင် ပြောတဲ့ ပီးမိုးနင်း ပီမိုးနင်ပြောတဲ့ ဂိုးလ်စမစ်



ထိုအချိန်က ဆရာကြီးသည် ကမ္ဘာကျော် အဂလိပ်စာရေးဆရာကြီး အော်လီဗာဂိုးလ်စမစ်၏ အကြောင်းကို အဓိကထား ၍ ပြောဆိုလေသည်။ဆရာကြီး ဘ၀ကိုစွန့်ပစ်၍ စာရေးဆရာဘ၀ကို အငတ်ငတ် အပြတ်ပြတ် နှင့်ခံယူခဲ့သော ထိုစာရေးဆရာကြီး၏ အကြောင်းကို မြန်မာစာရေးဆ၇ာကြီး သည် တက်တက်ကြွကြွ ပြောဆိုသွားခဲ့လေသည်။


'' စာရေးဆရာဘ၀နဲ့ အီတလီညပည်မှာ ဘိုင်ကျပြီး ငတ်လွန်းမက ငတ်လှတဲ့ အဆုံးမှာ ဂိုးစမစ်ဟာ ဘာတွေလုပ်ခဲ့တယ် ထင်သလဲ မောင်တင်အောင်၊လမ်းဘေး အပေါစားတီးဝိုင်းတွေထဲ ၀င်ပြီး ပလွေတောင် မှုတ်ပြီးစားခဲ့ရတယ်ကွဲ့ "

ဂိုးလ်စမစ်၏ စာရေးဆရာဘ၀ အကြောင်းနှင့် ဘ၀များကိုလည်း ပြောဆိုသွားပေသည်။

 ထိုနေ့နံနက် ၁၀နာရီလောက်တွင် ကျွန်တော်သည် အိမ်လခအကြွေး ခြောက်လစာမျှ တင်နေသော နိုင်ငံကျော်စာရေး ဆရာကြီး တစ်ဦး၏ လေးလေးကန်ကန်ထါက်လာခဲ့ရသည်။ဆရာကြီးသည် အိမ်တံခါးဝအထိ ပို့ပေးရင်း'' စာရေးဆရာတစ်ယောက် ဖြစ်လာဖို့ဆိုတာ ကြိုးစားရင် ဖြစ်နိုင်ပါတယ် ကွဲ့ ဒါပေမယ့် စာရေးဆရာ ဘ၀နဲ့ ခံနိုင်ရည် ရှိဖို့က သိပ်မလွယ်လှဘူး " ဟု ပြောဆိုဆုံးမလိုက်လေသည်။

  ၁၂၆လမ်းမှဘိုးလိမ်းလမ်းဘက်သို့ ထါက်လာခဲ့ပြီးနောက် မြို့ထဲသို့ပြန်ရန် အတါက် ဘတ်စ်ကားကို စောင့်ဆိုင်းနေရခိုက် ဆရာကြီးပြောဆိုခြင်း ပြုလိုက်သော ကမ္ဘာကျော်စာရေးဆရာကြီး အိုလီဗာဂိုးလ်၏ ကဗျာကလေး တစ်ပုဒ်ကို ကျွန်တော်သည်ပြန်လည် သတိရလာမိလေသည်။ထိုကဗျာကို ကျွန်တော်သည် အထက်တန်းတါင် သင်ကြားခဲ့ရပါသည်။ သို့ရာတါင် ကျွန်တော်က ထိုဖြေကြားခြင်း ညပုတတ်ရုံမျှလောက်သာ နားလည်ခဲ့ပေသည်။

'' A cap for the night And stocking all the day "

   ဂိုးလ်စမစ်သည် စာရေးဆရာဘ၀နှင့် အလွန်တရာ ဆင်းရဲလွန်းခြင်း
ရှိပေရကား သူသည် ခေါင်းစွပ်နှင့် ခြေစွပ်တို့ကို တစ်ခုစီ မထားနိုင်ရှာ
ပေ ။နေ့လယ်ခင်းဘက်တွင် ခြေစွပ်အဖြစ်ဖြင့် အသုံးချရသော ထိုပစ္စည်း
ကိုပင်လျှင် ညဘက် လမ်းထွက်သော အခါ ခေါင်းစွပ် အဖြစ်ဖြင့် ဆက်လက် အသုံးပြုခဲ့ရရှာလေသည်တကား ။

ဗန်းမော်တင်အောင်
0 comments

သစ်သားဖိနပ်စီးရတဲ့နေ့ (ကိုဆွေ)


ဂေါက်ဂက် ဂေါက်ဂက်နဲ့
ထွက်နေတဲ့ အသံဟာ
ကခုန်ကာ ပျော်နေတယ် ။

ပြောင်းလဲတတ်တဲ့
နေ့တွေရဲ့ နားများဟာ
ကြားမှုအာရုံကို ၊ မလိုချင်ဘူးတဲ့
တယ်ဆူတဲ့ အသံတွေပဲလို့
အပြစ်ဖို့နေကြတယ် ။

တနင်္ဂနွေ ၊ တနင်္လာ  ၊ အင်္ဂါ
နေ့တွေသာပြောင်းသွားပေမယ့်
ခြေဖ၀ါးအောက် မှာတော့
ဂေါက်ဂက်  ဂေါက်ဂက်ဆိုတဲ့
ဆူနေတဲ့ အသံဟာ
ခွာမရအောင် ကပ်နေတာပဲ ။

ကိုဆွေ
0 comments

ခေတ်ဒဏ်မှာ ကျွတ်ကျန်ခဲ့ ခုံဖိနပ်လေးတစ်ရံ


ဒီဇာတ်လမ်းမှာ ဘ၀တွေကို ကံဇာတ်ဆရာက ရိုးရိုးလေး သတ်ပြလိုက်ပါတယ် ။
ဒါပေမယ့် ဒီအဖြစ်မျိုးတွေ
တစ်နေ့တစ်မျိုးနဲ့ မရိုးအောင် ကပြ
စနစ်တစ်ခုရဲ့ သားကောင် ဘ၀တွေ
ကျေးလက်အမှောင်ရဲ့ နွမ်းပါးခြင်းမှာ
ရိုးပြတ်ငုတ်စူး သေမထူးနေမထူးဘ၀ထက်
ပညာတတ်မှ လူရာဝင်
ခေတ်ကြီးကိုက တစ်ခုပေးမှ တစ်ခုရ ...........
ညိုမြ ၊  ညိုလှတို့ ဇာတ်လမ်းဒီကစခဲ့ပါတယ် ။


ညိုမြ နဲ့ ညိုလှ ဆိုတာ ညီမနှစ်ယောက်
ညိုမြက ခြောက်တန်း နဲ့ ကျောင်းပြီး လိုက်ရတယ်
ညိုလှ ရဲ့ အဖြူအစိမ်းလေး တစ်စုံအတွက် ညိုမ ဘ၀ပုံအပ်လိုက်ရတယ်ဆို မမှားဘူး
တောမရောက်တောင်မရောက် ညိုမြ အကြီးမဟာ ကောက်စိုက် ပျိုးနုတ်လောက်နဲ့
မိသားစုဘ၀ အူမစို ၀မ်းမ၀ ခါးမလှဘူးဆိုတာ ညိုမြသိတာပေါ့
အဲဒီတော့.....
ရန်ကုန်မှာ အိမ်ဖော်လုပ်တစ်လ ၁သောင်း
မန္တလေး စားသောက်ဆိုင် မီးဖိုချောင်မှာ တစ်လကို ၈ထောင်
နယ်စပ်တက်ရင် မူဆယ်ဘက်မှာ တစ်လ ၃သောင်း

ဆိုတော့ .....
မူဆယ် ညဈေး မိုးလင်းထမင်းဆိုင်လေး မှာ ပန်းကန်ဆေးရင်း  အိုကေ စိုပြေပေါ့ .....
ရွာမှာ ကျန်ခဲ့တဲ့ အဖေအမေနဲ့ညီမ တစ်ဖက်တစ်လမ်းကတော့ ထောက်အကူရပြီ
ဒါပေမယ့် ကြာလာတော့ ညိုမြတစ်ယောက်
လမ်းသလားနေတဲ့ ညမွှေးပန်းကလေးများကိုကြည့်ပြီး ပင်ပန်းတတ်လာပြီ
ပန်းကန်ဆေးတဲ့ ညိုမြလက်တွေဟာ ရေ၀ဲစွဲတဲ့ ဒဏ်ကိုမခံနိုင်တော့ဘူး
အပျိုလေး ဖြစ်တဲ့ ညိုမြ ပန်းကန်ဆေးတဲ့ ညိုမြဘ၀ကို ရှက်တတ်လာပြီ ။
အဲဒီတော့ ..... အဲဒီတော့ .....
ပိုက်ဆံလည်းပိုရ ... အေးအေးလူလူလည်း နေလို့ရတဲ့
ကာရာအိုကေ ဆိုင်မှာ တစ်နေကုန်ထိုင်တော့တယ်
ကာရာအိုကေ ဆိုတာ အခုခေတ်လို KTV တော့ မဟုတ်သေးဘူးပေါ့
ဒါပေမယ့် ညိုမြဟာ အကိုတွေ ၊မောင်တွေတော့ ခေါ်တတ်ခဲ့ပါတယ်
ရွာက ညိုလှ ဆယ်တန်းကို ဘာသာစုံကျုရှင်တက်ဖို့အရေး တွေးမပူရတော့ဘူး
ယိုင်နဲနေတဲ့ အိမ်လေးကိုပြင်ပေးခဲ့တော့  ညိုမြကျေးဇူး အထူးကြီးလှ အောက့်မေ့နေကြတာပေါ့ ။

အော် .... ညိုမြ ... ညိုမြ .......

လောဘကလည်း တက်ပ ... အလှအပဆိုတာလည်းမက်ပ ...
ဆေးဆိုးပန်းရိုက် နှုတ်ခမ်းနီ ဘေးခွဲစကပ် ဒေါက်ဖိနပ်နဲ့ ကလက်တတ်လာပြီ
အသုံးစရိတ်ကတက် ငွေရှာရတာလည်းခက် ၊ အိမ်ကိုလည်းငွေဖြတ်လိုက်ရ ။
အရင်လို အကိုမောင်တွေလည်း
ပါးစပ်သာပါ လက်မလာတဲ့ ညိုမြဆိုရင် ချဉ်ချင်း မတပ်
ကြာလာတော့ ကာရာအိုကေ ကလည်းမကိုက် ပိုင်ရှင်လည်း မကြိုက်တော့ ဘ၀ပြောင်း
အနှိပ်ခန်းကို ညောင်းခဲ့ရသတဲ့ .........
လွှတ်လှတဲ့ ဘ၀ ၊ ညိုမြအတွက်တော့ အံကျပဲ
ပခုံးပေါ်မှာ ကျိုးတစ်ချောင်းအင်္ကျီဆင်လိုက်တယ်
ဂျင်းပန်င်ဇီးရိုးကွားတား နဲ့ အချစ်ရေ ၊ ယောက်ျားရေနဲ့ ပုရိသတွေကို ဈေးခေါ်
ဆက်ရှင်ကြေး တစ်နာရီ ငါးရာကို ညိုမြမမက်ရှာတော့ပါဘူး
ကိုကိုရေ ဒီည ဧည့်သည်မရှိဘူးကွာဆိုရင် ဟော ... တစ်ယောက်ရောက်လာပြီး
ညလုံးပေါက် မိုးလင်း အပျင်းလည်းပျောက် အိပ်ကပ်ထဲတော့ တစ်နေ့ လေးငါးသောင်းကတော့ အသာ
အထာလေးတွေနဲ့ ကလူ၏သို့ မြူ၏သို့ ...  ညိုမြဟာ ညိုမြလုပ်တတ်လာပါပြီ
ဘီယာလောက်တော့ အပျော့ ၊ ၀မ်းပက်တူးပက်နဲ့ အပြင်း ဆွဲ ... ကစ် ဒါမှ ညိုမြဘ၀ သစ်သွားဆိုပဲ
မိဘတွေ ကတော့ “ မြသုခ ” ဆိုတာ ဆေးအရောင်းဆိုင်လိုလို “ စတိုး ” ဆိုင်လိုလို
တကယ်က “ မြသုခ ” ဆိုတာ မာဆတ် တစ်ခုရဲ့ နာမည်
အိမ်က သိတာကတော့ လိမ္မာလိုက်တဲ့သမီး တော်လိုက်တဲ့သမီး အချီးကျုးခံခဲ့ရ
မချီးကျူးပဲ ဘယ်နေမလဲ ငွေလိုရင်ငွေ ၊ ရွှေလိုရင်ရွှေ ၊ ပေါ်စက် အောက်စက်နဲ့ ဆိုလာပြား ညိုလှတစ်ယောက်လည်းတက္ကသိုလ်ရောက်သွားခဲ့ပါပြီ ။

     ညိုမြ ..... ညိုမြ .... ညိုမြဘ၀လည်း ....

နဂိုထက်အတန်းတွေတိုးပြီး ... စီးကရက်ကို လက်ကြားညှပ်
မြင်းလည်းစီးတတ်ခဲ့ပါပြီ ။ ရွှေလည်းသောက်တတ်ခဲ့ပါပြီ
ဘ၀တူလူတန်းစား အထီးအမ ဟာ ညိုမြဘ၀မှာ မရှိတော့ပါဘူး
ရှပ်ကီလေးဖဲ့တဲ့အခါရှိသလို ၊ မြင်းလေး တစ်ကောင်နှစ်ကောင်ကနေ
တစ်နေ့ ၁၀ လုံးလောက်မှ မသုံးရရင် ယင်းထလာပြီ။ဆေးဖိုးရှိရင် အလုပ်မလုပ်
တကုပ်ကုပ်နဲ့ ရေသန့်အခွံကိုဖောက်အအေးပိုက်တန်းလန်း ခဲဖတ်ပေါ်မှာ
ရာမတင် အားမရှိတဲ့ မီးခြစ်က မီးတောက်လေးနဲ့ ဖီလ်းခံမယ်။

သူ့ အခန်းကျဉ်ကျဉ်းလေးထဲမှာတော့
သူသုံးနေတဲ့ မီးတောက်လေးတစ်ခု(သို့မဟုတ်) ယောကျာ်းလေးတစ်ဦးစ နှစ်ဦးစ ..............။

ရွာနာမည် ညိုမြကနေ ကြာညိုဖြစ်လိုက် ပြာသို ၊ ခွာညို ၊နှင်းဆီ ၊ ကြည်ပြာ
မင်းနာမည်တွေစုံလာသလို မင်းတူးလိုက်တဲ့သိုက်တွေ တစ်မြို့ပြီးတစ်မြို့
ကျယ်ခေါင်မှာ ခွာညို ၊ ရွှေလီမှာ ပြာသိုလ် အဖြစ်ဘ၀အသစ်ပြန်စ
ညိုမြဘ၀ဟာ အရေခွံပြောင်းပြန်လန်သွားရပါပြီ။

နင့်အစား မောလိုက်တာ ညိုမြရယ် ဇောကပ်နေတာလား အကြောမပြတ်တာလား
အေးအေးလူလူနေချင်ပြန်တော့ နင့်ကိုနင် ခေါင်းပေါ်ရွက် ဈေးထွက်ပစ်လိုက်တယ်
ယွမ် ၃သောင်း တဲ့ ၁သောင်းကို နင်သုံး ၂သောင်းကို အိမ်ပို့ အပျော်လုံးဆို့နေတဲ့ နင့်မျက်နှာ
နင့်အဖေ၊နင့်အမေနဲ့ ညိုလှ တစ်ရွာလုံးကို ဘယ်လို ဘာသာပြန်ပြရမလဲ ညိုမြရယ်
ရေသစ်မြေသစ် ဘ၀သစ်မှာ အဆင်ပြေကံကောင်းစေကြောင်း ဆုတောင်းပေးလိုက်ပါတယ် ... ညိုမြရယ်။

ဘာ ! ... ညိုမြ .... နင်အဖြစ်ကို  ပြန်ပြောပြစမ်း
အသက် ၅၀ လယ်သမားကြီးနဲ့ လက်ထပ်ခဲ့ရတယ်ဟုတ်လား
မနက်စာ မန်ထိုတစ်လုံး နေ့လယ်စာ ဆန်ရေလုံပြုတ်နဲ့ လယ်ပဲလုပ်ရတယ် ... ဟုတ်လား
နင်ကို ယူခဲ့တာက တစ်သားမွေးပေးရမယ်ဆိုတဲ့ ကတိစကားနဲ့ အခုနင့် ရင်သွေးကို ထားခဲ့ရပြီပေါ့
ဟုတ်စ ....
တရုတ်ပြည်အ၀င် နန်းတော်ပေါက်ကြီးက လှလိုက်တာ
ကျယ်ခေါင် ရွှေလီနဲ့ ကမ္ဘာသိတဲ့ မြို့ကြီးတွေက လှလိုက်တာ ညိုမြရယ်
နင်ပြောပြမှ  တရုတ်ပြည်ကြီး မှာ ဒီလို ရွာတွေတကယ်ရှိသေးသလား
အိမ်သာမရှိတဲ့ရွာတွေ ၊ စာမတတ်တဲ့လယ်သမားတွေ တကယ်ရှိသေးတာပဲလား
နင်ရောက်ခဲ့တဲ့ရွာဟာ တို့ရွာတွေထက် ဆိုးတယ် ဟုတ်လား ...
ဘာပဲဖြစ်ဖြစ် ညိုမြရယ်
နင်အဲဒီမှာ ကိုယ့်လင် ကိုယ့်သားနဲ့ အေးအေးချမ်းချမ်းနေပါတော့လားကွယ်
ဘာ ! ညိုမြ နင့်သား မွေးပြီး နင့်ဘ၀ကို နင့်လင်က  နောက်တစ်ယောက်နဲ့ ပြန်စခိုင်းတယ်
ဘုရား ဘုရား .... ဆိုးလှချည်လားကွယ် ဒါနဲ့ပဲ နင့်သားကိုထား
နင်ပြန်လှည့်လာတာ နင့်အမှားမဟုတ်ပါဘူးကွယ် .... နင်မမှားပါဘူး
နင်ဘယ်နှစ်ယောက်မွေးမွေး နင့်ကလေး နင့်ရင်သွေး ကိုထားခဲ့ရဦးမှာပါ ညိုမြရယ် ။

ညိုမြရေ ....
ငါတို့ မှာလည်း ကိုယ်အရိုးကိုယ်သယ်ဖို့တောင် အနိုင်နိုင် နင့်ကိုမဖေးမနိုင်တာ ခွင့်လွှတ်ပါ
နင်လမ်းနင်လျှောက် နင့်ဘ၀ကိုနင်ကိုယ်တိုင်ပဲဖောက်ပေါ့ ....  ဆိုတော့ .....
ညိုမြ အတွေ့အကြုံအရ ဆရာကျတတ်လာပြီ ၊ အရင်လို ဂွင်သေးတွေ မဖန်တော့ဘူး
ဂွကောင်းရင် ၀င်ထိုင် စတိုင်နဲ့မလိုင်နဲ့ ကိုယ့်ကိုကိုယ် ပြန်ရောင်းဖို့တောင် ပွဲစားမလို
တရုတ်ကြီးတွေ လက်ဆောင်ပေးလိုက်တဲ့ တရုတ်စကားနဲ့ တရုတ်တွေကို မှောက်လိုမှောက်လှန်လိုလှန်
ခွေးမင်က ပြန်လှည့်လာတဲ့ အခေါက်ပေါင်းလည်းမနည်း
တရုတ်ရထားကြိးတွေတောင် မင်းခိုးစီးရဲပြီ  ဘတ်စ်ကားတွေတိုးစီးရဲပြီ ဆိုတော့ ......
ကျားနာခဲခဲတော့ မင်းပဲ ကိုယ်ကျိုးနည်းတော့ မပေါ့ ညိုမြရယ် ။


     ညိုမြရယ် ....

မင်းကိုမင်း ဆင်ခြင်ပါဦး  ... မင်းကိုမင်းပြင်ဆင်ပါဦး
မင်းလှောင်အိမ်ကျဉ်းလေးထဲက အပြင်ကိုဆင်းကြည့်ပါဦး
အခုတလော မင်းပုံစံက မဟုတ်တော့ဘူးနော်
မင်းကိုယ်ပေါ်မှာ အဖုအပိန့်တွေက ရေယုန်တွေလားကွယ်
ထစ်ခနဲရှိမင်းဖျားပြီ၊ ထစ်ခနဲရှိမင်းမောတတ်နေပြီ ။
စကားမှ မဆုံးသေးဘူး ဘိုင်းခနဲလဲကျ
ဆေးရုံပို့လိုက်ရမှ ညိုမြရယ် .... ညိုမြရယ် ..........။

မင်းကို ဘယ်လိုအရာတွေကများ တွန်းပို့လိုက်ပါသလဲ ညိုမြရယ် ....

မြို့ပြ စရိုက်ပျက်တွေရဲ့ ငွေသံကြေးသံတွေကြား မင်းပျော်ပါးနေခဲ့တာလား ညိုမြရယ်

တို့ကျေးလက်တွေ ရဲ့ အမေ့ဖျောက်ခံထားရတဲ့ ဘ၀တွေဆီကို မင်းပြန်မလှည့်နိုင်အောင်

မင်းအခန်းက ဘာကြောင့် ဒီလောက်မှောင်သွားရတာလဲ

အလင်းရောင်သဲ့သဲ့အောက်မှာ မင်းခန္ဓာကိုယ် ယဲ့ယဲ့လေးကိုသယ်ဆောင် ....

မင်းလိုပဲ ငါတို့ ဘ၀တွေ မှောင်နေဆဲပါပဲ ညိုမြရယ် ........ ။

ညိုမြရေ ..... ညိုမြရေ .....

နောက်ဘ၀မှာ လူဖြစ်ခွင့်ရမယ်ဆို ဒီခေတ် ၊ ဒီစနစ် တွေရဲ့ ဒဏ်

မင်း နောက်ထပ် နောက်တဖန် ပြန်မခံရပါစေနဲ့လို့ ဆုတောင်းပေးရင်း

မင်းရွက်ခဲ့ဖူးတဲ့ ရေအိုးကို ငါတို့ရိုက်ခွဲလိုက်ကြပါပြီ ။

Bo Han


ရာမ(ရာဘ) = မြင်းဆေး ၊ စိတ်ကြွဆေးတစ်မျိုး
မန်ထို = အဆာပလာမပါသော ပေါက်စီ
Saturday, September 22, 2012 0 comments

ညီမလေးဈေးကောင်းရပါစေ




“ညည်း ငွေ ၂ သောင်း လိုချင်ယင်တော့ ဒီအထိ ဖြတ်မှရမယ်အေ့”

ဆိုင်ပိုင်ရှင် မအေးမွန်က စိတ်မရှည်တော့တဲ့ပုံစံနဲ့ ခတ်ဆတ်ဆတ်လေးပြောလိုက်တော့ ပြုသမျှ နုရတော့မယ့် ခင်မေဖြိုးတစ်ယောက် မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာတယ်။

ခင်မေဖြိုး အရမ်းဝမ်းနည်းနေမိပြီ။ ဒီအသက် ဒီအရွယ်ထိ တယုတယနဲ့ ပိုးမွေးသလို မွေးလာခဲ့ရတဲ့ သူ့ဆံပင်အရှည်ကြီးတွေအတွက် သူ့တစ်သက်လုံး ဂုဏ်ယူခဲ့ဖူးတာပေါ့။ ညိုမောင်းယိမ်းနွဲ့နေတဲ့ ဆံစတွေဟာ သူမရဲ့ခါးအထိ အိစင်းကျနေပေမယ့် အခုတော့ ဒီဆံပင်တွေအတွက်ဘဲ သူ မျက်ရည်ကျနေရပါပြီ။ သူ အခု .. အင်းစိန်ဈေးထဲက ဆံပင်အဝယ်ဒိုင်တစ်ခုမှာ လည်စင်းပေးနေရပြီ။

“ဘဝဈေးချိုလို့ ညီမလေးငိုတယ် နေညိုပါပြီကွယ်”
 (အောင်ချိမ့်)

ခင်မေဖြိုးဆိုတာ ဓါတ်ပုံမော်ဒယ်တစ်ယောက်လား၊ တက်သစ်စမင်းသမီးတစ်ယောက်လားလို့ ခင်ဗျား မမေးလိုက်ပါနဲ့။ ရန်ကုန်ဆင်ခြေဖုံးတစ်ခုက သူလိုကိုယ်လို .. အထည်ချုပ်စက်ရုံအလုပ်သမလေးတစ်ယောက်ပါဘဲ။ “ဆံနွယ်လေးတွေ သံစဉ်တေးလိပ်ပြာ...” ဆိုတဲ့ R ဇာနည့်သီချင်းကို သူ အရမ်းကြိုက်ခဲ့ဖူးတယ်။ ပြီးတော့ သူ့ဆံနွယ်တွေအတွက်လည်း ပီတိဖြစ်ခဲ့ဖူးတယ်။ အဲ့သည့်သီချင်းသံကြားရချိန်မှာ ကြည်နူးခဲ့ရတဲ့အခိုက်အတန့်လေးတွေဟာ ဒီညနေခင်းမှာ ပြီးဆုံးသွားပါတော့မယ်။ ကဲ .. ခင်ဗျား ဘယ်လိုခံစားရသလဲ။ မိန်းကလေးတစ်ယောက် ဆံပင်ဖြတ်တဲ့ကိစ္စလေးကို ရေးကြီးဂွင်ကျယ် လုပ်နေတယ်လို့တော့ အပြစ်တင်မစောနဲ့ဦး။ ခင်မေဖြိုးအကြောင်း ဆက်ဖတ်လိုက်။

“ကျမ ငွေ ၂ သောင်းမယူတော့ဘဲ ဆံပင်ကို ဒီအတိုင်းဘဲထားလိုက်ရတော့မလားဟင်...”
ဝေခွဲမရနိုင်သေးတဲ့ ဒွိဟစိတ်နဲ့ သူ့ကိုယ်သူ ပြန်ပြီး မေးခွန်းထုတ်မိသေးတယ်။
ဟင့်အင်း.. မဖြစ်ဘူး။ ဒီပိုက်ဆံရမှ အမေ့ကို ဈေးဖိုးပေးနိုင်မှာ ...။

“ကဲ...ကဲ... မဟိုဝှာ ..၊ သိပ်ပြီးလည်း စဉ်းစားမနေနဲ့။ ငွေ ၂ သောင်းလိုချင်ယင်တော့ ဒီအထိ ဖြတ်ရမယ်။ ညည်းလိုချင်တဲ့ ဂုတ်ဝဲလေးဆိုယင်တော့ ၄ စင်တီမီတာလျှော့ဖြတ်ပေးမယ်လေ။ ဒါပေမယ့် သောင်းရှစ်ထောင်ဘဲ ရမှာနော်”

မအေးမွန်စကားအဆုံးမှာတော့ ခင်မေဖြိုး ဆုံးဖြတ်လိုက်ပါပြီ။ အာရှရဲ့ အမွဲဆုံးတိုင်းပြည်များစာရင်းမှာ ထိပ်ပိုင်းကျကျပါဝင်တဲ့  ဗမာပြည်မှ အစက်အပျောက်လေး ခင်မေဖြိုး၊ နေ့စဉ် ၁.၃၅ ဒေါ်လာဘဲ ဝင်ငွေရှိကြတဲ့ နိုင်ငံ့လူဦးရေရဲ့ ၄ ပုံ ၁ ပုံထဲမှာ အစက်အပျောက်လေးတစ်ခုဖြစ်တဲ့ ခင်မေဖြိုး၊ ဟုတ်ကဲ့ .. လက်တလောငွေကြေးအခက်အခဲကို လက်ငင်းဖြေရှင်းနိုင်မယ့် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်တဲ့ ဆံပင်ဖြတ်ရောင်းခြင်းအမှုကိုဘဲ ခင်မေဖြိုးတစ်ယောက် ရွေးချယ်ခဲ့ရပါပြီ။ ဟုတ်ပါတယ်.. ခင်ဗျားကို ကြိုပြောပြထားသလို ခင်မေဖြိုးဟာလည်း ဒုလ္လဘတစ်ခုနဲ့ အစက်အပျောက်ကလေးမဟုတ်လား။

ခင်မေဖြိုး အမေက ဂေါက်ကွင်းတစ်ခုမှာ နေ့စားခ ၃၀၀၀ ကျပ်နဲ့ ကယ်ဒီထမ်းတယ်။ မိုးရာသီမှာ အူမစိုစေတဲ့ လုပ်ငန်းတစ်ခုမို့ ခင်မေဖြိုးတို့အိမ်မှာ ပုံးကြောင်နေပြီ။ အထည်ချုပ်စက်ရုံအလုပ်သမလေးအတွက် ဒီလိုမိုးရာသီမှာ အရာရာဟာ ခက်ခဲဘိတောင်း။ လကုန်ယင် ခင်မေဖြိုးလခ ငွေငါးသောင်းရမယ်။ ဒါပေမယ့် လတ်တလောမှာ ငွေလိုတယ်။ ပါတိတ်ဖိုးမဟုတ်ဘူး၊ နှုတ်ခမ်းဆိုးဆေးဝယ်ဖို့မဟုတ်ဘူး၊ ထမင်းစားဖို့၊ ဝမ်းဝရုံကလေးအတွက် ငွေလိုနေတယ်။

______________________________________________

“ဒီဆံပင်ဖြတ်စတွေကို ရန်ကုန်၊မန္တလေးမှာ ရှိတဲ့ ဆံပင်တုစက်ရုံတွေကို ပြန်သွင်းရတယ်ခင်ဗျ။ အဲ့ဒီစက်ရုံတွေကမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံတွေကို တင်ပို့ကြပါတယ်။ များသောအားဖြင့်တော့ တရုပ်ပြည်ပေါ့ခင်ဗျာ။ ပြီးတော့ .. ကျနော်တို့ဗမာနိုင်ငံလို ဆံပင်အရောင်ချင်းတူကြတဲ့ စင်ကာပူတို့ ထိုင်းတို့ အိန္ဒိယတို့ ပါကစ္စတန်တို့ ကိုလည်း တင်ပို့တယ်ခင်ဗျ။”

အင်းစိန်ဈေးထဲက ဆံလိုက်မုဆိုးတစ်ယောက်ဖြစ်တဲ့ ကိုဖိုးခွားက အာဘောင်အာရင်းသန်သန်နဲ့ ကျနော့်ကို ရှင်းပြပါတယ်။

“ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ဆံပင်တုတွေကလည်း လွှတ်ပြီး အဝယ်လိုက်သကိုးဗျာ။ နိုင်ငံကြားက အမှာတွေများလေလေ၊ ကျနော်တို့လို ဆံလိုက်မုဆိုးတွေလည်း အူစိုလေလေပေါ့ဗျာ။ အခု ကျနော်တို့ဈေးထဲမှာ ဆံပင်အဝယ်ဒိုင် အနည်းဆုံး ၇ ဆိုင်လောက်ရှိနေပြီ။ အပြိုင်အဆိုင်များတယ်ဆိုပါတော့ဗျာ။ ပုံမှန်အတိုင်းဆို တစ်နေ့ကို ခေါင်းဆယ်လုံး ရသဗျ။

အဲ .. စနေ၊ တနင်္ဂနွေလို နေ့မျိုးဆိုယင် ခေါင်း နှစ်ဆယ်၊ သုံးဆယ်အထိ ဖြစ်သွားတတ်တယ်။ သင်္ကြန်ဆို  လုပ်ငန်းကိုင်ငန်း လွှတ်ကောင်းသဗျိုး။ ဗမာမိန်းကလေးတွေ သီလရှင်ဝတ်ကြတယ်မဟုတ်လား၊ ဒီဆိုလိုတော့လည်း ကျုပ်တို့အလုပ်က ကုသိုလ်လည်းရ၊ ဝမ်းလည်းဝတဲ့ သမာအာဇီဝဘဲ မဟုတ်လားကိုယ့်ဆြာရေ့ ”

ဗုဒ္ဓဘာသာဝင် ဗမာအမျိုးသမီးလေးတွေဟာ ဗမာ့ရိုးရာသင်္ကြန်ပွဲတော်ကာလအတွင်းမှာ သီလရင်ဝတ်ကြပါတယ်။ သီလရင်အဖြစ် ကတုံးမတုံးခင် မိမိတို့ရဲ့ ဆံပင်ရှည်များကို ဖြတ်တောက်ရောင်းချပြီး ရရှိလာတဲ့ငွေကြေးများနဲ့ အလှူအတန်းလုပ်လေ့ရှိကြပါတယ်။ အင်တမန် နှစ်လိုဖွယ်ကောင်းတဲ့ ရိုးရာအလေ့စရိုက်လေးတစ်ခုပေါ့။ လက်ရှိအချိန်ထိတော့ ဗမာပြည်မှာ ဆံပင်ရှည်ယဉ်ကျေးမှုဟာ အမြစ်တွယ်နေဆဲပါဘဲ။

________________________________________________________
နာမည်ကျော် စစ်အာဏာရှင် ဗိုလ်နေဝင်း ဟာ အရင်းအမြစ်ပေါကြွယ်ဝတဲ့တိုင်းပြည်လေးကို ၁၉၆၂ ခုနှစ်မှစကာ ထင်တိုင်းကြဲစိုးစံတော်မူခဲ့တာဖြစ်ပါတယ်။ တဇောက်ကန်းမျိုးချစ်ကြီး ဗိုလ်နေဝင်းရဲ့  နှစ်ပေါင်း ၅၀ ကျော် တံခါးပိတ်ဝါဒကြောင့် အနောက်တိုင်းယဉ်ကျေးမှုရိုက်ခတ်ခံရခြင်းလည်း သိပ်မရှိခဲ့ပါဘူး။ အင်း ... ပေါ်လီယာနာထုံး နှလုံးမူလို့ အဲ့သလိုဘဲ ကောင်းကွက်လေးရှာကြံတွေးရမလားတော့ မသိဘူး။ ယောနိသော မနသိကာရ လို့ ဆိုလေတယ်မဟုတ်လားဗျ။ ဟဲဟဲ...ဟဲ ။

ဆံပင်၊ အသား၊ အရေ၊ အရိုး၊ အရွယ် ဆိုတဲ့ ဗမာအမျိုးသမီးတို့ရဲ့ ကောင်းခြင်းငါးဖြာထဲ အပါအဝင်အဖြစ်တဲ့အတွက် ဆံပင်ရှည် လှလှထားနိုင်ကြတဲ့ မိန်းကလေးများဟာ အင်မတန်ကျက်သရေရှိလှပေရဲ့။ ဒါပေမယ့် သူတို့ရဲ့ ကျက်သရေဟာလည်း အသပြာငွေကြေးကြောင့် ဆံပင်တုစက်ရုံမှတစ်ဆင့်တိုင်းတစ်ပါးပို့ကုန် ဘဝသို့ပြောင်း၊ တိုင်းပြည်နဲ့ ဝမ်းဗိုက်အကျိုးအတွက် နိုင်ငံခြားငွေရှာပေးနေတာ သိရတော့ ခင်ဗျား ရင်မနာရဘူးလား ရဲဘော်။

ခင်ဗျား ကြားဖူးလိုက်သလားတော့ မသိဘူးကိုယ့်ဆြာရေ။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဗမာပြည်အလည်ပိုင်း အလောင်းတော်ကဿပဘုရားမှာ လုပ်ခဲ့ကြတဲ့ အလှူပွဲကြီးတစ်ခုအကြောင်း ခင်ဗျား ကြားဖူးသလား။ ဗမာအမျိုးသမီး ၁ သိန်းလောက် သူတို့ခေါင်းက ဆံပင်တွေ ဖြတ်ကြတာ ၂ တန်ခွဲ ရသတဲ့ဗျာ။ အဲ့ဆံပင်တွေ ရောင်းလို့ရတဲ့ငွေနဲ့ တံတား ၁၆ စင်း ပြုပြင်နိုင်ခဲ့တယ်၊ ၂၆ မိုင်ရှည်တဲ့ လမ်းတစ်ကြောင်း ဖောက်ပေးနိုင်ခဲ့တယ်။  ကိုင်း... သာဓု .. သာဓု .... သာဓု လို့သာ ခပ်ရဲရဲကြီး ကျူးရင့်လိုက်စမ်း ရဲဘော်။ ဟို မအေဘေးကြီးတွေလို ကွန်ကရစ်လမ်း ၁ခြမ်းခင်းပေးပြီး  မဲလိမ်ထည့်ခိုင်းတဲ့ စိတ်ဓါတ်တွေနဲ့ အပုံကြီး မကွာဘူးလားခင်ဗျာ ? ဟင် ... ?

ဒါပေမယ့် တစ်ခုရင်နာစရာကောင်းတာကတော့ .. ဆံပင်ဖြတ်ရောင်းတဲ့ ဗမာအမျိုးသမီးတော်တော်များများရဲ့ ရည်ရွယ်ချက်တွေကတော့ .. သူတို့ရဲ့ ငွေကြေးလိုအပ်ချက်တွေကြောင့်ပါဘဲဗျာ။

____________________________________________________
အသက် ၂၂ နှစ်ဘဲ ရှိသေးတဲ့ ကလေးတစ်ယောက်မအေ မမျိုးခင်က ဂလိုပြောပြသွားတယ်။
“ ကျမ ကလေးအတွက် နို့မှုန့်ဗူး ဝယ်ချင်လို့ပါရှင်...” ... တဲ့။ မျိုးခင့် ယောင်္ကျားက တစ်နေ့ဝင်ငွေ ၄ ထောင် ရတဲ့ ဆောက်လုပ်ရေးလုပ်သားပေါ့။ မျိုးခင် အခုလို ဆံပင်ဖြတ်ရောင်းလို့လည်း သူ့ယောင်္ကျားက အချစ်လျော့သွားမယ်မထင်ပါဘူးတဲ့။  အင်း.. ခမျာများလည်း လိုအပ်လို့ ရင်းကြရတာဘဲ မဟုတ်လားကိုယ့်ဆြာရေ ...။

ရန်ကုန်မြို့ထဲမှာ ဆံပင်ဒိုင်ပေါင်း ၅၀ ကျော်မယ်လို့ ဆံကုန်သည်ကြီး ကိုထွန်းအေးက ခန့်မှန်းပြတယ်။

“တစ်နေရာတည်းမှာ ကျနော်တို့အတွက် အဆင်မပြေဘူးဗျ။ အဲ့သာကြောင့် ဗမာပြည်အနှံ့အဝယ်တော်တွေလွှတ်ပြီး ဆံပင်တွေကို ကောက်သင်းကောက်သလို စုကြရသဗျို့၊ ငွေလဗျာ..၊ ငွေ ... ၊ ငွေ ...။  အခြေအနေမဟန်တဲ့ အိမ်ထောင်စုတွေအတွက် ဒီနည်းကလည်း အသက်ရှုစရာ ဂယ်ပေါက်တစ်ခုဘဲ မဟုတ်လား ကိုယ့်ဆြာရေ...” .. တဲ့။ ကိုင်း ... ကိုယ်က ဘာများကော ပြောနိုင်ပါဦးမည်နည်း..ပေါ့။  ဗန်းမော်တင်အောင်ရဲ့  “ရန်ကုန်မြို့ရဲ့ညတစ်ညတို့” အောင်လင်းရဲ့ “ငါးကျပ်တန်တစ်ရွက်” တို့၊ သိန်းဖေရဲ့ “ဒုတိယတန်းမှာ တစ်နေရာ” တို့ကို .. ခင်ဗျား သတိရမသွားမိဘူးဆိုယင် ကျနော့်ပါးကို လာရိုက်လှည့်ဗျာ။

_______________________________________
ကိုသေးစိမ်အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုများဟာ အပီအပြင် ရုပ်လုံးပေါ်လာပြီလား....
မိတ်ဆွေ .. ခင်ဗျား ဘယ်လိုထင်သလဲ ..၊ ပြောင်းလဲမှုဟာ အစစ်အမှန်လား?
ဒါမှမဟုတ် အယင်ခေတ်ကလိုဘဲ စာရွက်တွေပေါ်မှာ အလုပ်လုပ်ပြနေဆဲ ဗမာအစိုးရတစ်ရပ်ဘဲလား။
ခင်ဗျား ဘယ်လိုတွေးပြီး ကျနော့်ကို ဘယ်လိုရှင်းပြမလဲတော့ မပြောတတ်ပါဘူး။

ကျနော်တို့ မပြောတတ်သေးတဲ့ (ဝါ) မပြောရဲသေးတဲ့ (ဝါ) မပြောအပ်သေးတဲ့  ပြုပြင်ပြောင်းလဲမှုဆိုတာကြီးကို ... အင်းစိန်ဈေးက ဆံပင်အဝယ်ဒိုင်ပိုင်ရှင် မအေးမွန်က ဟောသလိုပြောသွားပါရောဗျာ...။


“အပြောင်းအလဲ ... ။ ဟုတ်လား? ။
တချို့တွေကတော့ ကားအသစ်တွေ စီးနေကြပြီ။ တိုက်အသစ်အိမ်အသစ်တွေမှာ ဒူးနှန့်နေကြပြီ။  အဲ့တာမျိုးကို ပြောင်းလဲတယ်ပြောယင်တော့ ပြောင်းလဲပါတယ်ပေါ့ရှင်။

ဒါပေမယ့် ကျမတို့အောက်ခြေလူတန်းစားအများစုအဖိုတော့ ဒုံရင်းက ဒုံရင်းပါဘဲလို့..။ ဒါပေမယ့် .... အပြောင်းအလဲဆိုတာကြီးကို ကျမတို့ မျှော်လင့်နေတုန်းပါဘဲ”


ကျနော်သိပ်ကြိုက်တဲ့ Shawshank Redemption ထဲမှာ ကျနော်သိပ်ကြိုက်တဲ့ မော်ဂန်ဖရီးမန်းက ကျနော်သိပ်ကြိုက်တဲ့ ဒိုင်ယာလောခ့်တစ်ခု ပြောသွားတယ်။
 “Hope is a good thing” တဲ့။


မလှဘူးလားရဲဘော် ?

မားဆိုး
(စက်တင်ဘာ ၁၃ ထုတ် Time Out  မှ Peter Janssen ရဲ့ ဆောင်းပါးကို ဆီလျော်သလို ဖြီးဖြန်းသည်)
Friday, September 21, 2012 0 comments

ဆုံးဖြတ်ချက်တစ်ခု၏လားရာ


                                  ဘုရားဝတ်ပြုခြင်း

               သူသည်ဘုရားဝတ်ပြုခြင်းကို အင်မတန်စိတ်အားထက်သန်ရှိလှ၏။
နေ့စဉ် နေ့တိုင်း ဘုရားဝတ်ပြုကာ ဘုရားပန်းများကိုလည်း လဲလှယ်ပေးလျက်ရှိသည်။
အိမ်သူအိမ်သားများကလည်း ဘုရားတရားကြည်ညိုသူများဖျြစ်ကြ၏။ သို့သော်လည်း ၀တ်ပြုချိန်ကြာလေ့မရှိ။
             တစ်နေ့မှာ မိသားစုအတွင်းစကားဆူသံကြားရ၏။  “ ကြွက်ဟုတ်လို့လား ……. ”
         “ ဟုတ်ပါတယ် ကြွက်အော်သံငါကြားတယ် …….. ကြွက်ပေါက်စလေးတွေရဲ့  အော်သံ …….”
        “ ဘယ်လိုလုပ်ကြွက်တွေက ဘုရားစင်အောက်ရောက်နေတာလဲ ……. ”
        “ အေးလေ .. ဘုရားပဲရှိခိုးရတော့မလို သူတို့ပဲရှိခိုးရတော့မလို ….. ”
          သူဘာမှ ၀င်မပြောဘဲ နေခဲ့သည်။

                                             ဓား

            သူတွင်ပေါက်ဓားတစ်လက် ရှိသည်။သူ့ဦးလေးက လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ဓားပေါက်နည်းကိုတော့ သင်မပေးပါ။သို့သော် သူသည် ဓားပေါက်နည်းကို အကျွမ်းတ၀င် ဖြစ်နေပြီဖြစ်၏။
              လျှင်မြန်ခြင်းနှင့် ပစ်မှတ်ကို တိုက်ရိုက်မှန်ကန်ခြင်းတို့တွင် သူသည်သူမတူအောင် ကျွမ်းကျင်ပိုင်နိုင်သူဖြစ်သည်။သူသည်ထိုဓားလေးကို အလွန်မြတ်နိုး၏။ အိပ်ရာထဲတွင်ပင် ထည့်၍အိပ်လေသည်။ ကျောင်းသွားမှ ဓားကလေးက အိပ်ခန်းထောင့် သူနေရာမှာ တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့သည်။
               အိမ်မှာ ဘုရားစင်နားမှ ကြွက်အော်သံများ ဆူညံလျက် ………………

                                    ရင်ဆိုင်ရခြင်း

              တစ်နေ့ သူ့ခြံထဲက ပိတောက်ပင်တွင် ဓားပေါက်ကျင့်၏။ထိုနောက် ချွေးစများကို သုတ်သိမ်းကာ
ပေါက်ဓားလေးနဲ့အတူ ဘုရားဝတ်ပြုရင်း ဘုရားစင်ဆီမှ ကြွက်အော်သံများက ဆူညံနေဆဲ၊ ကြွက်မကြီးတစ်ကောင်ဖြတ်ပြေးသည်ကို ရိပ်ခနဲ တွေ့လိုက်သည်။လူကနေသော်လည်း ဓားက မနေပြီ။
ကြွက်မကြီးဓားစိုက်လျက်သား နံရံတွင် တဆတ်ဆတ်ခါနေသည်။ဓားနှင့် ထိုကြွက်ကြီးကို
ဖြုတ်ပြီးမှ ဘုရားစင်နောက်မှာ ကြွက်သိုက်ကို တွေ့ရသည်။ ငှက်မွေး၊ကောက်ရိုးမျှင် စသည်များဖြင့် ဆောက်လုပ် ထားသည်။ အထဲမှာ ကြွက်နီတာရဲလေး “ ငါးကောင်” သံကုန်အော်ဟစ်နေသည်။
                ထိုကြွက်မကြီးသည် သူတို့၏ အမေဖြစ်သည်။ သူတို့ကို နို့တိုက်ကြွေးမွေးသော မိခင်ဖြစ်သည်။ ယခုသူတို့ မည်သူ့ကို အားကိုးရမည်နည်း။ ဘုရားကသိလျှင် မည်သို့ သူ့ကို ပြောမည်နည်း။ဘုရားစင် ရှေ့မှာ ရှက်လာသည်။

                                     နိဂုံးချုပ်ခြင်း

             ထိုကြွက်လေးများကို အမှိုက်ပုံပစ်၍လည်း မဖြစ်၊ ငှက်ချီမည်။ ခွေးစားမည်။ အလွယ်ဆုံးနည်းအရပဲ သူသည် ထိုကြွက်ထုပ်ကလေးကို ရေထဲသို့ ပစ်ချလိုက်သည်။

                                       “ ပလုံ ”

            ပင့်သက်ခပ်ကြမ်းကြမ်းရှိုက်ခါ ထိုနေရာမှ လှည့်ပြန်ခဲ့သည်။သူလွှင့်ပစ်ခဲ့ခြင်းသည် ကြွက်ပေါက်ကလေးတွေချည်းပဲ မဟုတ်။ တစ်စုံ တစ်ရာ ပါဝင်သည်။ထိုတစ်စုံတစ်ရာမှာ
ဓားဖြစ်လေသည် ။

Oာါရာမင်းေO
0 comments

သူခိုး


“ လှမြင့်ထွန်းရာ ဒီအဆောင်မှာ ငါတို့ လေးယောက်ပဲနေတာ ။ မင်းပစ္စည်းတွေက ဘယ်လိုပျောက်ရတာတုန်း ”
“ ငါလည်းဘယ်သိမလဲ ကွ ။ သေတ္တာထဲသေချာသော့ခတ်သိမ်းထားတာပဲ ”
“ လှမိုး မင်းကရော ဘယ်လိုထင်တုန်း .... ပြောဦး ။ အကျင်စာရိတ္တနဲ့ပတ်သက်ပြီး
ငါတို့လည်း အထိပါးမခံနိုင်ဘူးကွာ ။မရှိရင်တောင်းစားမယ် ”
“လှမြင့်ထွန်း မင်းကဘာကိစ္စ ဆွဲကြိုးတွေ ဟမ်းချိမ်းတွေ လက်စွပ်တွေ မ၀တ်ဘဲသိမ်းထားရတာတုန်း ”
လှမိုးကလည်း ၀င်မေးတယ် ။
“ ဟိဟိ ... ငါကောင်မလေးက မ၀တ်ခိုင်းလို့ကွ ... တိမ်းထားတာ ”
လှမြင့်ထွန်းက မြို့သစ်သားဆိုတော့ သ နဲ့ တ နဲ့မကွဲဘူး ။
“မင်းကွာ .... ဒီမှာ ငါတို့ပဲနေတာ ။လေးယောက်မှာ သုံးယေက်က ရေနံချောင်းမှာ ကတည်းကတစ်ခန်းထဲ နေလာကြတဲ့ သူငယ်ချင်းတွေ ”
“ မင်းတို့တော့ မထင်ပါဘူးကွာ ....... ”
“ ဟေ့ရောင် .... မင်းတို့တော့ မထင်ဘူးမလုပ်နဲ့ ... အောင်ထွန်းရယ်၊ခြံစောင့် ကိုစန်းမြင့်ရယ် ဒီလူတွေပဲ ရှိတာကို ”
“အေး .... ငါလည်း မပြောတတ်တော့ပါဘူးကွာ ..... ဟူးးးးးးးးးးးးးး ”
မနက်ကင်တီးရောက်တော့ ကျွန်တော်တို့သူငယ်ချင်းတစ်စု စုပေါင်းတိုင်ပင်ကြပါတယ် ။
“ မခင်ဆွေသင်း  လှမြင့်ထွန်း ကိစ္စကို ဘယ်လိုထင်တုန်း .... ”
“ ဟဲ့ ငါကမိန်းကလေး .... ဘာကိုထင်ရမှာတုန်း ”
“ အယ် ... မဟုတ်ဖူး .... သူ့ပစ္စည်း ကိစ္စလေ .... ”
“နင်တို့ မညစ်ပတ်နဲ့နော် ... နင်တို့ယောကျာ်းလေးတွေ ဘမ်းစကား ငါသိတယ်။ နင်တို့ တချိန်လုံး ဒါပဲပြောနေတာ ငါမသိဘူးများ မှတ်နေလား ”
“ မဟုတ်ဖူးလေ .... အပျိုကြီးရဲ့ ...အခု လှမြင့်ထွန်းပစ္စည်းဆိုတာက ရွှေထည်ပစ္စည်းတွေပျောက်တာ”
“ အော် .... ပြောပြောကစောရောပေါ့ .... ငါမှာဖြင့်ရှက်ရှက်နဲ့နားထောင်နေရတာ .... ”
“ အပျိုကြီးကလည်း .... မပြောလိုက်ချင်ဘူး .... ဟင်း ”
“ နင်တို့ အဆောင်မှာ လူစုစုပေါင်း ၅ ယောက်ဆိုတော့ ..... ”
“ မဟုတ်ဖူးလေ .... ၅ ယောက်က ဟုတ်တယ် ... လှမြင့်ထွန်းတော့ ထည့်မတွက်နဲ့လေ ”
“ ငါက အပျိုကြီးဆိုတော့ ... ထည့်တွက်ရမယ် .....”
“အာ ... ဒီအပျိုကြီးကလည်းတစ်မှောက် .... ” လှမြင့်ထွန်း က ၀င်အာတော့ ....
“မဟုတ်ပါဘူး စေ့စေ့စပ်စပ် တွက်ရမယ်ပြောတာ။သူဖဲရိုက်တာ ဒီပစ္စည်းတွေ ရှုံးသွားတာ မဖြစ်နိုင်ဘူးလား ၊ အရက်သောက်ပြီး လမ်းဘေးမူးနေတုန်း ချွတ်အယူခံရတာရော မဖြစ်နိုင်ဘူးလား ၊ ကားကြီးဝန်းထဲက တည်းခိုခန်းသွားအဖော်ခေါ်အိပ်တော့ ကြက်မတွေ ဖြုတ်ယူသွားတာရော မဖြစ်နိုင်ဘူးလား ”
“တော်ပါတော့ ဆားပုလင်းခင်ဆွေသင်း ရယ် ..... ” လှမြင့်ထွန်း က ဆွေ့ဆွေ့ခုန်နေပြီ ။
“ ငါကသဘောပြောတာပါ ..... ”
အဲဒီအချိန်မှာပဲ ... ၀တုတ်အရုပ်မ ခင်မေချော ရောက်လာတယ် ။နန်းကြီးသုတ် ၂ပွဲ လ္ဖက်ရည် ၂ခွက် အရင်မှာပြီး
“ ဘာတွေ ဖြစ်နေကြတာလဲ .... ”
“ ဒီလို ... အရုပ်မရဲ့ ....................... ”
ဆိုပြီး လှမိုးက ဆက်ရှင်းပြနေတယ် ။မင်းတုန်းသားစကားဝဲတာကို ကြိုးပင်ကောက်သူ နာထူပါးထူ က ပြန်ပြန်မေးနေတော့ လှမိုးခမျာ .. ထွေးလုံးရစ်ပတ်နဲ့ရှင်းပြလို့ကို မပြီးတော့ဘူး .... ။
“ အင်း .... ဟုတ်တယ် သံသယစာရင်းမှာ လှမြင့်ထွန်းလည်းထည့် ငါတို့လည်းထည့် နင်တို့လည်းလိုက်ခဲ့ ..... ” လို့ ကျွန်တော်ကပြောတော့ အကုန်လန့်သွားတယ် ။
“ ဘယ်ကိုလိုက်ခဲ့ ရမှာလည်း ...... ” ခင်မေချောက ပါးလုပ်ပါးလောင်းနဲ့ ကြောက်လန့်တကြား
ဝင်မေးတယ် ။
“ ရဲစခန်းကို ”
“ အန် ... ငါတို့နဲ့ ဘာဆိုင်လို့ ရဲစခန်းလိုက်ရ မှာလည်း ... မိန်းကလေးနဲ့ ရဲစခန်းဘာမှ မဆိုင်ဘူး ”
မခင်ဆွေသင်းက အကြောက်အကန်ငြင်းတယ် ။
“ ဆိုင်ဆိုင် မဆိုင်ဆိုင်လိုက်ခဲ့ ကျနော်တို့ အဆောင်ကို ခင်ဗျားတို့လည်း လာတာပဲ ”
“အောင်မယ်တော် .... ရာရာစစ နင်တို့အဆောင်လာတာ ... ငါတို့ စက်ဘီးပေါ်ကတောင် မဆင်းဘူး ။
မလိုက်နိုင်ဘူး။နင်တို့ကိစ္စနင်တို့ရှင်း သွားမယ် ခင်မေချော ဘာကောင်တွေမှန်းမသိဘူး ။ ”
“ ဒီဝိုင်းလေးတော့ ရှင်းခဲ့ဦးနော် ... အပျိုဂျီး .... ”
“ ရှင်းမယ် .... ရှင်းမယ် .... နင်တို့နဲ့လည်း ဒီနေ့ကစပြီး ကင်းကင်းရှင်းရှင်းနေမယ် ”
“ ဟီးဟီး .... စတာပါ အပျိုဂျီးရယ် ..... ” ကျနောတို့် အပျိုဂျီးကို ပြန်ချော့ပြီး ထိုင်ခိုင်းရတယ် ... ။
“ အဲဒီအကြံ မဆိုးဘူးကွ ။ ရဲစခန်းမတိုင်ပါနဲ့ ဒါပေမယ့် တိုင်ခဲ့ပြီလို့ ရွှီးထားကြမယ် ဘယ်လိုလဲ ” လှမိုး ပြောတော့ ....
“ အေး ကောင်းပါတယ် ….. အဲဒီလိုပဲ လုပ်ကြတာပေါ့ ”
............................
ကဲ .... ဒီအဆောင်မှာ ကျွန်တော်တို့ (၅)ယောက်ပဲနေတယ် ၊ ခု လှမြင့်ထွန်း ပစ္စည်းပျောက်သွားပြီ
ဘယ်လိုလုပ်ကြမလဲ ... ရဲစခန်းတော့ တိုင်ချက်ဖွင့်ခဲ့ပြီ မနက်ဖြန် လာစစ်လိမ့်မယ် ယူတဲ့သူရှိရင်တော့ ပြန်ထားပေးကြဗျာ  ”
“ ဟ လှမြင့်ထွန်းရ …. ရဲစခန်းတိုင်ရင် အားလုံးနာမည်ပျက် အလုပ်ရှုပ်ကုန်တော့ မှာပဲ ….မင်းတို့ကွာ ငါမတိုင်ပင်ပဲ ဘာလို့ လျှောက်လုပ်ကြတာတုန်း ရဲတွေအကြောင်း မင်းတို့ ဘယ်လောက်သိလို့တုန်း ”
 “ သိတာပေါ့ ကိုမြင့်စန်းရယ် …. မတတ်နိုင်ဘူး ရိုးရိုးသားသား ကျောင်းလာတက်တာ အခုဆိုဘယ်လောက်ရှက်စရာကောင်းလဲ … မတတ်နိုင်ဘူးဗျာ … ဒီအမှုပေါ်ဖို့ပဲ အရေးကြီးတယ် ”     “ မင်းတို့လို ပြောကြေးဆို ငါလည်း အမှုဖွင့်မယ် ….. လှမိုး ”  “ ကဲ ဆိုစမ်းပါဦး .... ဦးစန်းမြင့် ခင်ဗျားက ဘာပျောက်ဖူးလို့ အမှုဖွင့်မှာလဲ ...... ”
“ငါ့ကန်ထဲက ငါးတွေ သရက်ပင်က သရက်သီးတွေ ပျောက်ပျောက်နေတယ်လေ ...... ”
 “ ခင်ဗျား ကန်ထဲကငါးတွေကို ရေထားလို့လား .... ” ကျွန်တော်လည်း ဘုဝင်ပြောလိုက်တော့ ...
“ ဟေ့ရောင် ဘာမှရေစရာမလိုဘူး ... မင်းတို့ သောကြာနေ့ဆို အရက်နဲ့မြည်းတာ ဘယ်ကငါးတွေလည်း သရက်ပင်က သရက်သီးတောင် အဆစ်ပါလိုက်သေးတယ် ....”
“ အာ ဒါကတော့ ခင်ဗျားသက်သက် ကျုပ်တို့သိက္ခါချတာပဲ .... ကျုပ်တို့ အရက်လည်း ကပ်သောက်သေးတယ် ”
“ဘာမှ သိက္ခါချတာ မဟုတ်ဖူးမင်းတို့အကြောင်းငါ အသိဆုံး။ဘူကောင်တွေက ဘယ်ကပိုက်ဆံနဲ့ ငါးဝယ်စားမလဲ ။ကန်ဘေးက ကန်စွန်းပင်တွေတောင် အလျှင်မီအောင် အညွှန့်မထွက်နိုင်တော့ဘူး ”
“အေးဗျာ ဖမ်းစားတယ်ဗျာ .... ခိုးစားတာ မဟုတ်ဖူး ။စားတဲ့အထဲ ခင်ဗျားလည်းပါတာပဲ ... အဲဒီအချိန်ကပြောပါလား ဘာခုမှလာပြောနေရတာလည်း ” လှမိုးက၀င်ပြောတော့
“မဟုတ်ပါဘူးကွ ... ငါက အားလုံးကိုစဉ်းစားလို့ ရအောင်ပြောထားတာ ” ဦးစန်းမြင့်က လေပြေလေးနဲ့
“ အင်း ခင်ဗျား က မသင်္ကာစာရင်းမှာ ပထမဦးစားပေးပဲ ။ ခင်ဗျား ကြက်မတွေ ခင်ဗျားအစောင့်တဲမှာ ခေါ်အိပ်တာ ကျုပ်မသိဘူးများ မှတ်နေသလား။နောက်ပြီး သုံးလုံးနဲ့ ခင်ဗျားကုန်နေတာ ကျနော်သိတယ် ”
“တော်ပါတော့ လှမိုးရယ် ... မင်းတို့က ငါကို အစောင့်ဆိုပြီး အထင်သေးတာလား .... မင်းတို့နဲ့ငါပေါင်းလာတာဘယ်လောက်ကြာနေပြီလဲ .....တော်ပါကွာ ”
“အကိုတို့ရယ် …. ကြည့်လည်းလုပ်ကြပါဦးဗျာ …. တော်ကြာ ကျော်မကောင်းကြားမကောင်း ဖြစ်ကုန်ပါဦးမယ် ။ ရဲစခန်းသွားတိုင်မှ အမှုမပေါ်ပဲ ကျောင်းမှာ အရှက်ကွဲနေပါဦးမယ် ”
“အေးပေါ့ .... ခုတော့ မတတ်နိုင်တော့ဘူး အောင်ထွန်း ။တိုင်ခဲ့ပြီးနေပြီ …. ဒါပေမယ့် ယူထားတဲ့သူ ဒီနေ့ အချိန်မီပြန်ထားပေါ့ကွာ ….”
………………………………………………………………
ဒီလိုနဲ့ ရဲနဲ့ချိန်းခြောက်တာလည်း မရခဲ့ပါဘူး ။ ရက်တွေသာကြာသွားတယ် ။ အမှုက ဘာမှဖြစ်မလာဘူး ။
“ ကဲ လှမြင့်ထွန်း မင်းကိစ္စဘယ်လိုရှင်းမလဲ ..... ”ကျနော်မေးလိုက်တော့
“ ငါလည်းဘယ်လိုမှ မကြံတတ်တော့ဘူးကွာ ... ထားလိုက်တော့ ”
“ထားလို့ ဘယ်ရမလဲကွ ... ဒါက ငါတို့သိက္ခါပိုင်းနဲ့ဆိုင်နေတာကို ..... ” လှမိုးက မခံချိမခံသာနဲ့ဝင်ပြောတယ် ။
“ဒါဆိုလည်း မင်းတို့ကြိုက်သလိုသာ လုပ်ပါကွာ ”
“ လှမိုး မင်းဘယ်သူ့ထင်လည်း ”
“ ဥစ္စာပျောက် ငရဲရောက်တော့ ဖြစ်တော့မှာပဲ။ငါကတော့ ကိုစန်းမြင့်လို့ပဲ သေချာထင်တယ်၊ဘာကြောင့်ဆို ကျန်တာက အချင်းချင်းတွေကွာ ။ မရှိအတူရှိအတူနေလာတာကြာပြီ ။နောက်ပြီး ဟော့ရမ်းဆိုသွမ်းနေတာတစ်ယောက်မှ  မရှိဘူး ။ ငါတို့အဆောင်မှာ အရက်သောက်ကြ တာကလွဲလို့ ဖဲတောင်မရိုက်ဘူး ”
“အေးကွ ... လှမြင့်ထွန်းရာ မင်းလည်းစဉ်းစားပါဦး။နေရာမှား ထားမိလား ။ ကြွက်တွေများချီသွားသလား ”
“သေချာပါတယ်ကွ ... သေတ္တာထဲမှာ အထုတ်နဲ့သေချာထုတ်ထားတာ။ဟီးဟီး ငါရည်းစားစာတွေတောင်ပါသွားသေးတယ် ”
“အေးပေါ့ကွာ တစ်နည်းပဲရှိတယ် ဒီနေ့ည ငါတို့ ဘုရားကု ကုကြည့်ကြတာပေါ့ ”
“ဘယ်လိုလုပ်မတုန်း ….  ဘိုဘိုရ ပြောပြပါဦး ”
“အေး ... အဲဒါ ညကြမှ သိမယ် ..... ”
.........................
“ ကဲ ဒီအဆောင်မှာနေတဲ့သူ (၅)ရောက်လုံး ဒီနေ့ သစ္စာရေသောက်မယ်။လှမြင့်ထွန်း ပစ္စည်းကိုမယူပါဘူးဆိုတာ ဘုရားမှာ တိုင်တည်ပြီး သစ္စာရေသောက်မယ် ။ယူထားတဲ့ သူများရှိရင် ပွင့်ပွင့်လင်းလင်း ပြောပါ ။ဘာမှ မလုပ်ဖူး ”
“ ကျနော်ကတော့ ဒီအဆောင်မှာ အငယ်ဆုံး အကိုတို့ ပြောတဲ့အတိုင်းလုပ်မယ် ဘာလုပ်လုပ် ဒီအမှုပေါ်ဖို့ အရေးကြီးတယ် ”
“ကဲ ဒါဆို ဘုရားစင်က ညောင်ရေအိုးယူလိုက် .... သစ္စါရေသောက်ကြမယ် ”
“ဟာ ... ဘိုဘို မင်းတို့ ဘုရားစင် ညောင်ရေအိုးက အဲဒီပန်းတွေထိုးပြီးကတည်းက မလဲတာ ခြောက်လလောက်ရှိပြီလေ .... ငါမှာ ရေသန့်ဗူးရှိပါတယ်ကွ ရေသန့်သောက်ရအောင်နော် ”
“ မရပါဘူး ... ဘာလဲ ကိုမြင့်စန်း ခင်ဗျား မသောက်ရဲဘူးမဟုတ်လား ”
“ မဟုတ်ဖူးဟေ့ကောင် .... ပိုးမွှားတွေပါပြီး ရောဂါဖြစ်မှာစိုးလို့ပြောတာ သောက်မယ် ..... ”
“ ကဲ ... စမယ် ... ကျွန်တော်တို့သည် လှမြင့်ထွန်း၏ ရွှေထည်ပစ္စည်းများအား အမှန်တကယ် မယူပါ။
ယူမိပါက အသေဆိုးနဲ့သေပါစေ။ ရေကန်ထဲကျ ငါးခူကိုက်ပြီးသေပါစေ ။EC,EPကျောင်းသား လက်တွေ့ လုပ်ရင်း မီးလာသခိုက် ဓာတ်လိုက်ပြီးသေပါစေ ။Civil ကျောင်းသား အုတ်ခဲထမ်းရင်း တိုက်ပြိုဆင်း သေခြင်းဆိုးနဲ့ သေပါစေ ”
“ ဟေ့ရောင် ဘိုဘို မင်းသစ္စါက လည်း ကျိန်စာတွေပါနေပါ့လား ... ငါတို့ကျောင်းသားတွေတော့ ဟုတ်ပါပြီ ... ဒီလူကြီးကိုမြင့်စန်း ကြတော့ရော ”
“လှမိုးကလည်းကွာသူလည်း ပါပါတယ် ... ငါးကန်ထဲကြပြီး သေလိမ့်မယ်ပေါ့ ”
“အေး မင်းတို့ကို ငါလူကြီးစကားပြောတော့မယ် .....ကွာ ဒီအဆောင်မှာ ကျောင်းသား မဟုတ်တာ ဆိုလို့ ငါတစ်ယောက်ပဲရှိတယ် ။ မင်းတို့ ငါကိုထင်လိမ့်မယ်။ တကယ်တော့ ဒီပစ္စည်းကို ငါတကယ်မခိုးဘူး ။ဒါပေမယ့် ဘယ်သူခိုးလည်းဆိုတာတော့ ငါလည်းမသိဘူး။ငါမသိပေမယ့် ငါ့ဆရာသမားတော့ သိလိမ့်မယ် ”
“နေပါဦး ကိုမြင့်စန်းရ ခင်ဗျားဆရာ ဘယ်သူတုန်း ။ကျနော်တို့ တစ်ခါမှလည်းမတွေ့ဘူးဖူး။ ”
“ဟီးဟီး … ငါမိန်းမရဖို့ ဓါတ်ရိုက်ဓါတ်ဆင်သွားလုပ်နေတဲ့ဗေဒင်ဆရာ။အခု ငါ့ကောင်မလေးနဲ့အဆင်ပြေနေပြီကွ။တကယ်မှန်တယ်…အဲဒီမှာ ယတြာသွားချေမယ်ကွာ ။ နောက်ပြီး တခါထဲ ပြောမယ်။ဒီအမှုပေါ်ရင် မင်းတို့လည်း ဒီကထွက်တော့ ငါလည်းမိန်းမယူတော့မယ် ”
“အန် … ဘာဆိုင်လို့တုန်းဗျ ။ ထားပါ ခင်ဗျားပဲ မိန်းမရပါစေဦး ”
“ အင်း ရမှာပါကွာ …. ရမှာပါ ….. ရမှာပါ  …. ငါ့ဆရာ ရှိပါတယ် ”
……………………………
“ ဟေ့ရောင် … ဘိုဘို အခုတလောအောင်ထွန်း အရက်တွေနေ့တိုင်းသောက်နေတယ်ကွာ ”
“အေးလေ …. ဘာပြုတုန်း သူ့အကြောင်းနဲ့ သူရှိမှာပေါ့ကွ ”
“ မဟုတ်ဘူး …. ငါ့ပယောဂါ ပါမှာစိုးလို့ .... ဒီကိစ္စကြောင့် စိတ်ညစ်ပြီး အဆောင်မကပ်ပဲ အရက်သောက်တာဖြစ်မှာစိုးလို့ ”
“အေးပါ … လှမြင့်ထွန်းရာ….. လာ မင်းနဲ့ငါ သွားမေးကြတာပေါ့”
“ ညီလေးအောင်ထွန်း … မင်းနေမကောင်းဘူးလား မင်းကျောင်းလည်းမတက်ဘူး ”
“ဟုတ်တယ် အကို … ကျွန်တော်နေမကောင်းဘူး၊စိတ်ထဲမှာလည်းလေးနေတယ် တစ်မျိုးကြီးပဲ ”
“….မင်းကိုအရင်လိုပဲ ပျော်ပျော်ရွှင်ရွှင် ငါတို့နဲ့ စလိုက်နောက်လိုက်ပဲ နေပါကွာ ဘာမှ ခေါင်းထဲ မထားနဲ့ ဒီကိစ္စကသူ့အလိုလို အဆင်ပြေသွားမှာပါ ။ စာမေးပွဲလည်းနီပြီဆိုတော့
ကျန်းမာရေး ဂရုစိုက်ပါ ညီရာ မင်းအရက်တွေလည်းနေ့တိုင်းသောက်နေတယ်ကြားတယ်  ”
“ ဟုတ်တယ် … ကျွန်တော်စိတ်နည်းနည်းညစ်နေတယ် … ကျွန်တော့် မွေးစားအမေ အိပ်ရာပေါ်လဲနေတာကြာပြီပြောတယ် ကျွန်တော့်မှာ အဖေအမေမရှိတော့ဘူး ၊အခုကျောင်းတက်နေရတာ သူထားပေးလို့ ”
“အေးပါကွာ ဒါတွေ ထားလိုက်ပါတော့ စာမေးပွဲကလည်းနီးပြီး ကြိုးစားကွာ ”
“ဟုတ်ကဲ့ပါ ”
……………………………………………………..
“ ကိုစန်းမြင့် ဘယ့်နှယ်လဲဗျ ။ခင်ဗျားမိန်းမရဖို့ ကိစ္စ ”
“ ဒီလိုပါပဲ ကြိုးစားတုန်း …. မိန်းမယူတာက လွယ်ပါတယ်ကွာ …. လုပ်ကြွေးဖို့က ခက်တယ်ကွ ”
“အာဗျာ …. ခင်ဗျားသူများသားသမီးလည်းယူသေး လုပ်တော့ကျွေးရမှာပေါ့ ”
“အင်း …. ငါရတဲ့ လခ တစ်လမှ သုံးထောင်၊ရွာက အမေနဲ့အဖေလည်းပို့ရသေးတယ်၊ဆိုတော့ စဉ်းစားရသပေါ့ကွာ။ ခုမင်းတို့ကို တလ ၅၀၀နဲ့ အဆောင်ထားတာတောင် သူဌေးကို ငါရွာက အမျိုးတွေပါလို့ ပြောထားလို့ ၂ထောင်လောက်ငါသုံးရသပေါ့ ။ ငါမိန်းမ မရတာစဉ်းစားနေရလို့ပါ အခုတော့ အဆင်ပြေမှာပါ ငါဆရာက ယတြာချေပေးထားပါတယ် ”
“ အင်း … ခင်ဗျား ခိုင်းထားတဲ့ ကိစ္စပြောပါဦးဗျ ….. အခြေအနေ ”
“ ငါဆရာကို …. ကန်တော့ပွဲကြေး ၃ထောင်ပေးလိုက်တယ် …. မင်းတို့ပစ္စည်းသေချာ ပြန်ရမှာပါကွာ ”
“ဘာ ကိုမြင့်စန်း … ကန်တော့ပွဲကြေး ၃ထောင်တောင်ပေးရတယ်။ပစ္စည်းလည်းပျောက်သေး ၃ထောင်လည်းပေးရဦးမယ် ဆိုတော့ မလွန်လွန်းဘူးလား ကျုပ်ကတော့ မပေးနိုင်ဘူး ”
လှမြင့်ထွန်းက မကျေမနပ်ဝင်ပြောတော့ ကိုစန်းမြင့်နဲ့ မတည့်တဲ့ လှမိုးကပိုဆိုးတော့တာပေါ့ ။
“ အဲဒါကြောင့် ခင်ဗျားကိုပြောတာ ကိုမြင့်စန်း ။ဘယ်နှယ်ဗျာ ၃ထောင်ဘယ်သူကပေးမလဲ ။ဒီထဲမှာ သူဌေးသားဆိုလို့ လှမြင့်ထွန်းတစ်ယောက်ပဲရှိတာ။လကုန်နေပြီ ကျုပ်တို့မှာ ပိုက်ဆံမရှိတော့ဘူး။ စားတာတောင် ခင်ဗျားကန်စွန်းရွက် အိုးကင်းပူတိုက်စားနေရတာ သိရဲ့သားနဲ့
ကျုပ်ဆီတော့ လာမတောင်းနဲ့မပေးနိုင်ဘူး။အမြီးကျက်အမြီးစားခေါင်းကျက်ခေါင်းစားလူ ”
“ ဟေ့ရောင် လှမိုး မင်းတို့ဆီကလည်း မတောင်းပါဘူး ။ဒီပစ္စည်းပြန်ရဖို့ အရေးကြီးတယ်။မင်းတို့ အဆောင်လခတွေ  တစ်ယောက်ကို ဒီလကစပြီး တစ်ထောင်ပေးရမယ်။အဲဒါနဲ့ဆရာ့ကို ပေးလိုက်မယ် သဘောတူလား ဘိုဘို …..”
“ ကျနော်ကတော့ သဘောတူပါတယ် …. အောင်ထွန်းက နေမကောင်းဘူး သူ့ခမျာ အိမ်ကလည်းပိုက်ဆံ မပို့နိုင်လို့ ဒုက္ခရောက်နေတယ်ဗျ ”
“အေးပေါ့ …. သူတော့ထားလိုက် …. ငါလည်း မင်းတို့ကိစ္စပြတ်မှ မိန်းမယူရမှာ ”
……………………………..
“ လှမြင့်ထွန်း ရေ မင်းကိစ္စမင်း ဆုံးဖြတ်တော့ကွာ … ငါတို့လည်း မင်းကြိုက်သလိုလုပ်တော့ ”
“ လှမိုးရာ …. မင်းတို့ကိုငါဘာပြောနေလို့လည်း၊ထားလိုက်တော့လို့ ပြောထားသားပဲ၊ ငါကောင်မလေးကလည်း ရွှေဆွဲတာမကြိုက်ဖူးကွ ဟဲဟဲ ”
“ထားလို့ ရမလားကွ … မင်းပစ္စည်းပျောက်တာ ဟို ဆားပုလင်းခင်ရွှေသင်းနဲ့ ကြို့ပင်ကောက်သူ လျှောက်ဖွတာနဲ့ တစ်ကျောင်းလုံးနီးပါးတောင် သိနေပြီ။ငါတို့ကို ဘယ်လိုထင်ကြမတုန်း ”
“ဘိုဘိုကလည်းကွာ …. ထားလိုက်ပါတော့ ဘယ်သူတွေ ဘယ်လိုထင်ထင် ငါမထင်ရင်ပြီးရော မဟုတ်လား ”
“ ဒါနဲ့ အောင်ထွန်းရော၊ ဂျုနီယာတွေ ဒီနေ့စာမေးပွဲ စဖြေရတယ် ဖြေနိုင်သလား မသိဘူး ”
“အေး … ဒီကောင်ပြန်မလာသေးဘူး …..လှမိုးရ …. ဒီကောင်လေးလည်းသူ့ရှေ့ရေး အတွက် စိတ်လေနေတယ် ” “အေးကွာ … ဘယ်တတ်နိုင်မလဲ …. လှမိုးရာ ”
ကျွန်တော်တို့ ဟိုရောက်ဒီရောက် ထိုင်စကားပြောနေချိန် …… ကိုမြင့်စန်းကြီး ကျွန်တော့် အခန်းရှေ့ပေါက်ချလာတယ် ။
“ဟေ့ကောင်တွေ …. မင်းတို့သုံးရောက်နာမည်နဲ့စာတစ်စောင်ရောက်လာတယ်ကွ … ဒီနေ့ ဘာကျွေးမလဲ ”
“ ဟိတ်လူကြီး …လာဘတ်မနေနဲ့ သုံးယောက်လုံးနာမည်နဲ့ ရောက်စရာ အကြောင်းမရှိဘူး ”
“အောင်မာ …. ဒီမှာစာ ….. တစ်ခုခုနဲ့တော့ ရွေးမှ ဖြစ်မှာပါ ”
“ကျနော်ကတော့ မရွေးဘူး …. ဘယ့်နှယ်ဗျာ … သုံးယောက်နာမည်ကြီးနဲ့ …. လှမိုး မင်းရွေးလိုက် ”
“ဘာလို့ ရွေးရမှာလည်း … ငါမှာ ဘာအကန့်မှ မရှိဘူး ဟေ့ရောင် …. တစ်ခါမှလည်းစာမလာဘူးဖူး။မင်းတို့သာ … လှမြင့်ထွန်း ရွေးလိုက် ”
“ ငါဆီက ပိုမလာသေး ငါ့ကောင်မလေးနဲ့ကနေ့တိုင်းတွေ့နေတာ မရွေးပါဘူး။ဒီလူကြီး လုပ်ရင် အပိုကိုကုန်တယ် ”
“ အယ် …. အပိုကုန်တယ်ဆိုလို့ ကိုမြင့်စန်း ခင်ဗျားဆရာဆီကယူလာပြီး ရိုက်စားမလုပ်နဲ့ ဟောစာတမ်းပဲနေမှာ ”
“ ရိုက်စားတော့ မလုပ်ဘူးကွ … ဆိုက္ကားသမား တစ်ယောက်လာပေးသွားတာ … ငါ့ဆရာဆီက ဖြစ်နိုင်တယ် …. ဖောက်လိုက်မယ်နော် ”
“ ဖောက် ” ကျနော်တို့ သုံးရောက်သား ခေါင်းညိမ့်လိုက်တော့ …..

သို့
အကိုတို့ ခင်ဗျ

                ကျနော့်ကိုခွင့်လွှတ်ကြပါ။ကျနော့်ဘ၀ကို အကိုတို့ သိပြီးဖြစ်ပါတယ် ။ကျနော့် မွေးစားအမေ ဆုံးသွားတာ ငါးလရှိပါပြီ ။ကျန်တဲ့သူတွေကလည်း ဆက်ပြီး မထောက်နိုင်ဘူးလို့ ပြောပါတယ် ။အဲဒီတော့ ကျနော်ကျောင်းတက်ရေးဟာ ခက်လာပါတယ် ။ခု ကျနော် အမ်း ကိုပြန်သွား ပါပြီ။ ကျနော် သေတ္တာတွေ အ၀တ်အစားတွေလည်း ထားခဲ့ပါတယ် ။
                 ကျနော့် ကို ခွင့်လွှတ်ကျဖို့ တောင်းပန်ပါတယ် ။ ကျနော်ကျောင်းဆက်တက်ချင်တဲ့
စိတ်နဲ့ ကိုလှမြင့်ထွန်းရဲ့ ရွှေထည်တွေကို ခိုးယူမိပါတယ် ။လက်စွပ်ကတော့ ရောင်းလိုက်ပြီး သောင်းရှစ်ထောင်ကိုကျနော် သုံးလိုက်မိပါတယ်။ပိုတဲ့ ပိုက်ဆံနဲ့ ကျန်တဲ့ရွှေထည်တွေကိုတော့ ဘုရားစဉ်ပေါ်မှာ တင်ထားခဲ့ပါတယ်။ကျနော့်ကိုအားလုံးခွင့်လွှတ်ကြ ပါလို့တောင်းပန်ပါတယ်။ ကျနော်ကျောင်းလည်းပြန်မတက်နိုင်တော့ပါဘူး။အခါအခွင့်သင့်ရင်တော့ ကိုလှမြင့်ထွန်းကို ကျနော် ပြန်ဆပ်နိုင်အောင်ကြိုးစားပါ့မယ်။

                                              ရိုသေစွာဖြင့်
                                               အောင်ထွန်း

ကျနော်တို့ ၄ယောက် ပါးစပ်အဟောင်းသားနဲ့ ဘာလုပ်ရတော့မလဲ ။
…………………………………………………
မပြည့်စုံတဲ့အခြေအနေမှာ အတွေးအကြံလေး တစ်ချက်မှားသွားလိုက်တာနဲ့ ဘ၀နဲ့ပေးဆပ်သွားရတဲ့ညီလေးရေ ။ကိုယ်တို့အားလုံး မင်းကိုအပြစ်မတင်ရက်ပါဘူးကွာ။ကိုယ်တို့ အားလုံး မင်းအကြောင်းကို စိတ်မကောင်းယုံကလွဲပြီး ဘာမှ စကားမစဖြစ်အောင် ဆို့အသွားခဲ့ကြပါပြီ ။ အမှတ်တရပါပဲ ညီလေးရေ …. ဒီအမှားမျိုးဘယ်တော့ မှနောက်ထပ်ထပ်မမှားစေကြောင်း ဆုတောင်းပေးလိုက်ပါတယ် ။
“ ဘိုဘို …. နင်တို့ သူခိုးဖမ်းတာ မိပြီဆို … ”
“ ခင်မေချော …. အဲဒါနင့်ဘယ်သူပြောလဲ …. ” ကျွန်တော်ဒေါသတကြီးပြောတော့ ….
“ လှ … လှ … မိုး ပြောတာ ”
“လှမိုး … မင်းကို ဒီအကြောင်း ဘယ်သူမှ မပြောပါနဲ့လို့ ပြောထားရဲ့သားနဲ့ ကွာ ”
“ ဟ …. မပြောလို့ ဖြစ်မလား။ မပြောရင် ငါတို့ သိက္ခါကျမှာပေါ့ ”
“ ကျကျကွာ … မပြောနဲ့ ”
“ ဘယ်လိုဖြစ်တာလည်း ဘိုဘိုရယ် …. သူခိုးဖမ်းချင်တုန်းကလည်းနင် … ခုတော့ မပြောနဲ့ဆိုတော့လည်းနင်ပဲ ”
“ဆားပုလင်း ခင်ဆွေသင်း …. နင်ဘာမှ ၀င်မဘာနဲ့ နင့်ပါးစပ်ပိတ်ထားစမ်း နောက်ငါ ဘယ်တော့ မှ သူခိုးမဖမ်းတော့ဘူး ”
………………….
ဒီကိစ္စတွေ ရှင်းသွားတော့ လှမြင့်ထွန်းက သောက်ကြာဝိုင်းတစ်ဝိုင်းစီစဉ်ပေးပါတယ် ။ ထုံးစံအတိုင်း ငါးခူးဟင်း ၊ကန်စွန်းပလိန်းနဲ့ Grand လေးထောင့် တစ်လုံးပေါ့ ။
“ ကိုမြင့်စန်း ခင်ဗျား ဆရာကတော်တော်စွမ်းသားဗျနှော ” လှမြင့်ထွန်းက နည်းနည်းမြောက်ပြောလိုက်တယ် ။
“ ဟာ စွမ်းပါပြီလား မောင်ရာ … အခုလ (၁၀)ရက်နေ့ ငါလည်းမိန်းမရတော့မယ် ။ဒါကြောင့် စိတ်တော့ မကောင်းဘူးကွာ မင်းတို့ လမကုန်ခင် အဆောင်ရှာလိုက်ပါတော့ ”
“ အာ ကိုမြင့်စန်းကြီးကလည်းဗျာ ကျနော်တို့ကို ဗွေမယူပါနဲ့ဗျာ။ခင်ဗျားကို ကျုပ်တို့က တမင်သက်သက်ဆွပေးရတာပါဗျ …. ဒါမှ မထင်ထားတဲ့သူကို ဂရုစိုက်လို့ ရမယ်မဟုတ်လား ”
“ဟေ့ကောင် ဘိုဘို မင်းနဲ့ လှမြင့်ထွန်းကို ဘာမှ မဖြစ်ပါဘူးကွာ ခက်တာက ဒီကောင်လှမိုး ငါဆိုဘယ်တော့ မှ အကောင်းမထင်ဘူး အဲဒီတော့ ……. ”
“ ဟာ ကျုပ်နဲ့ဘာဆိုင်တုန်းဗျ …. ကျုပ်လုပ်စရာရှိတာလုပ်တာ ခင်ဗျားကိုလည်းပြောစရာရှိတာ ကျုပ်စိတ်ထဲက အတိုင်းပြောတာပဲ ”
“ ဟုတ်ပါတယ် … ကိုစန်းမြင့်ရယ် ကျနော်ကြောင့် သူတို့ ဒုက္ခရောက်ရမဲ့ အဖြစ်မျိုး မလိုလားပါဘူး ”
“ မဟုတ်ပါဘူး လှမြင့်ထွန်းရာ ငါက မိန်းမငယ်ငယ်လေးယူရမှာ မင်းတို့နဲ့ ဘယ်လိုမှ မဖြစ်ပါဘူးကွာ … မဖြစ်ပါဘူး …. ”
“ ဘာဗျ ….. ခင်ဗျားမိန်းမကျုပ်တို့က ဘာလုပ်ရမှာလည်း ကျုပ်မသိဘူးများ မှတ်နေသလား မယားတရူးနေတဲ့ ခင်ဗျားကို ဗေဒင်ဆရာက သူ့တူမ တစ်ခုလပ်နဲ့ ပေးစားလိုက်တာများ … ဟေ့ရောင်တွေ မင်းတို့ နေချင်နေခဲ့ ။ လှမိုးတဲ့ တစ်မိုးထဲရှိတယ် …. ။မနက်ဖြန်ကစပြီ မနေဘူး ”
“ အေးကွာ…. ခုချိန် မင်းတို့နဲ့ခွဲရခါနီး ငါတစ်ခု ၀န်ခံစရာရှိတယ်ကွာ ”
“လာပြန်ပြီလား တစ်ယောက် …. ရှုပ်အောင်မလုပ်နဲ့နော် ကိုမြင့်စန်း ၊ဘာလဲ ခင်ဗျားနဲ့   အောင်ထွန်းနှစ်ယောက်ပေါင်းကြံတာလား ”
“ မဟုတ်ပါဘူး လှမိုးရာ၊အဲဒါမျိုးငါဘယ်တော့ မှ မလုပ်ဖူး။အခုဟာက မင်းတို့ ခိုးခိုးစားနေတဲ့ ကန်ထဲက ငါးတွေကို ငါဘာကြွေးတယ်ထင်တုန်း ”
“ ဖွဲနုလုံးတွေ ကြွေးနေတာ မြင်နေတာပဲဗျ ။နေပါဦး ဘာကြွေးလို့တုန်း ”
“ ခွေးသေကောင် ”
“ ဗျာ …. ဘာ …. ဟာကွာ ”
………………………………………………….




ဒီလိုနဲ့ ကျနော်တို့ (၃)ယောက် ခြေတိုအောင်လျှောက် အဆောင်ရှာမရတော့ အပျင်းပြေ ဘုရားကြီးပေါ်ကဆင်းပြီ လေယဉ်ကွင်းဘက် လျှောက်လာခဲ့ကြတယ် ။
 “လှမိုး ငါတို့ ဒီနေ့ညဟင်းမရှိတော့ဘူးနော် ”
“ မရှိလည်း ဘာအရေးလည်းကွာ ဟိုရှေ့မှာ ကန်စွန်းခင်း မင်းမမြင်ဘူးလား ”
“ဟာ … အဲဒါသူများစိုက်ထားတာလေကွာ ”
“ ရပါတယ်ကွာ … မြန်မာပြည်ပဲ သနားအောင်ပြောရင် လေယာဉ်တောင် အလကားစီးလို့ရပါတယ် လှမြင့်ထွန်း မင်းတောင်းကြည့်ကွာ ”
“ အာ ငါကစကားမပီဘူး …. ဘိုဘိုမင်းတောင်းကြည့် မင်းက ပြောတတ်ဆိုတတ်ပါတယ်ကွာ ”
“ အန် …. မင်းတို့ကလည်း တစ်ခုခုဆိုငါ့ပဲမြောက်ပေးနေ ……. ”
အဲဒီအချိန်မှာ အန်တီကြီး တစ်ယောက် ဘောက်ဆွဘောက်ဆွနဲ့ လျှောက်လာတယ် …. ။
“မင်းတို့ ဘာလုပ်မလို့လည်း … ဒီနားမှာ ယောင်ပေယောင်ပေနဲ့ ”
“ ဟုတ်ကဲ့ အန်တီ ကျနော်တို့ GTI ကျောင်းသားတွေပါ ခင်ဗျ ။အန်တီတို့ ကြက်ခြံကို စိတ်ဝင်စားလို့ လေ့လာနေကြတာပါ ။ ကျနော်တိုဘာလုပ်ပေးရမလဲ ခိုင်းစရာရှိရင်ခိုင်းပါ ကျနော်တို့က GTIတက်နေပေမယ့် စိုက်ပျိုးမွေးမြူရေး ၀ါသနာပါပါတယ်ခင်ဗျ ”
“အေးကွယ် … လေ့လာပါလေ့လာပါ ။မင်းတို့ လူငယ်တွေဆီက ဒီစကားကြားရတာ သိပ်ဝမ်းသာတယ်”
“ဟုတ်ကဲ့ ခင်ဗျ …. ဒါနဲ့ ကြက်ခြံတွေကလည်း အများကြီးနော် အန်တီ … ကန်စွန်းခင်းကြီးတွေကလည်း သန်နေလိုက်တာ … အန်တီတို့ ဘာဆေးတွေများသုံးထားသလဲ မသိဘူး ”
“ကြက်ကတော့ CPကြက်၊ဥစားကြက်တွေပေါ့ ၊ ကန်စွန်းခင်းကတော့ စိုက်ထားတာ မဟုတ်ဖူး လေယဉ်ကွင်းဘေးဆိုတော့ ဟိုလူသေးလာပေါက် ဒီလူသေးတာပေါက်နဲ့ သန်နေတာပါ ”
ကန်စွန်းရွက်တောင်းမလို့ စကားစလိုက်တာ တွန့်သွားတယ် ။ ဒါပေမယ့် ဟိုနှစ်ကောင်ကို မျက်စပစ်လိုက်တော့ ဘာမှ မဖြစ်ဖူး ဆက်တောင်းဆိုတဲ့ အထာနဲ့ ……….
“ ဟုတ် အန်တီ ….. ကန်စွန်းပင်မျိုးကူးချင်လို့ ကျနော်တို့ နည်းနည်းယူသွားလို့ ရမလား ခင်ဗျ ”
“ ယူသွားပါကွယ် ယူသွားပါ … ”
“ ဒါနဲ့စကားမစပ် ကြက်ဥအကွဲတွေ ရောင်းလား ခင်ဗျာ ….ကျနော်တို့ ကျောင်းမှာကြော်ငြာပေးမလို့ပါ ”
“ရောင်းတယ် … ညစောင့် အဖိုးကြီး မနက်မနက် ဈေးထဲသွားသွင်းနေကြ ။ အဲဒီလူကြီး အခုထိမလာလို့ ….. ”
“ဟုတ် …. ဒါဆို ကျနော်တို့ကို ၁၀၀ ဖိုးလောက်နမူနာရောင်းလိုက်ပါ့လား ခင်ဗျ …. ညဘက် ကျနော်တို့ လာစောင့်ပေးရမလား အန်တီ ”
“ အေး မင်းတို့ တကယ်လာနိုင်ပါ့မလား ”
“လာနိုင်ပါတယ် ခင်ဗျ ”
“ဒါဆိုမင်းတို့ကို ပွင့်ပွင့်လင်းလင်းပြောမယ် ။ ငါတို့မှာ ညစောင့်မရှိတာ (၃)ရက်ရှိပြီ ။အဘိုကြီး ရွာပြန်သွားတာပြန်မလာဘူး ။ ငါယောက်ျားနဲ့ တိုင်ပင်လိုက်ဦးမယ်။လာလာ အိမ်ထဲလိုက်ခဲ့ ”
“ မင်းတို့က ဘယ်ကလည်း ” အဲ … အန်တီကြီးယောက်ျားကမေးပါတယ် ။
“ ဟုတ် ကျနော်တို့ …. GTI ကျောင်းသားတွေပါ ခင်ဗျ ။ဦးလေးကို ပွင့်ပွင့်လင်းလင်းပြောပါမယ်။
ကျနော်တို အဆောင်ရှာနေတာပါ ။ကိုယ့်ဟာကို သီးသန့် လွတ်လွတ်လပ်လပ်နေချင်တော့ ရှာရတာခက်နေလို့ ဒီလကုန်ရင် အရင်အဆောင်က မငှားတော့ဘူးဆိုလို့ပါ ”
“ အေး မင်းအန်တီပြောတယ် ညစောင့်လုပ်ချင်တယ်ဆို ”
“ဟုတ် … ညစောင့်သက်သက်တော့ မဟုတ်ပါဘူး ခင်ဗျ …. ဦးလေးတို့ လွတ်နေတဲ့ ကြက်ခြံမှာ အစောင့်လုပ်ရင်း ကျနော်တို့ နေချင်လို့ပါ ”
“ အေး …. ကောင်းတယ် …. မင်းတို့ သုံးယောက်ပဲနော် …. တခြားအပိုလက်မခံဘူး ”
“ ဟုတ် … ကျေးဇူးတင်ပါတယ် ဦးလေး ”
ကျနော်တို့ မှာ သားရွှေအိုးထမ်းတဲ့ကိန်းပြန်ဆိုက်ခဲ့ရပါတယ် ။ဒီလိုနဲ့ အဆောင်လခပေးစရာမလို ကျယ်ကျယ်ဝန်းဝန်း ၊ ကန်စွန်းခင်း နဲ့ လေယဉ်ကွင်းဘေးက ကြက်ခြံကြီးတစ်ခြံ အစားပြန်ရလိုက်ပါတယ်။ လှမြင့်ထွန်းပြောတာတော့ လူမင်းဘုန်းကြီး နတ်မင်းမနေသာတဲ့ ။ ကျနော်တို့ (၃)ရောက်အတွက် သိကြားမင်း ခမျာ ဗန္ဓုကမ္ဗလာ ကျောက်ဖျာတောင် တင်းသွားဆိုပဲ။
ကျောင်းမှာလဲ ကြက်ဥအကွဲ ကိုယ်စားလှယ်တော်ကြီးတွေ ဆိုပြီး မျက်နှာပန်းပွင့်တာပေါ့ ။
“ ဟေ့ ဥမ္မာဦး …. ငါတို့ ကြက်ခြံကို ကြက်ဥအကွဲ လာဝယ်ဦးနှော …. ” ကျနော်က အကျယ်ကြီး အော်ပြောတော့ ဥမ္မာဦး ခင်မျာ လူတောထဲ မှာဆိုတော့ ရှက်တာပေါ့
“ ဟေ့ …. မသာကောင် … နင့်လိုများ ကြက်ခြံစောင့်ပြီး ကြက်ဥအကွဲစားတဲ့ ရုပ်များ မှတ်နေသလား”
“ အောင်မယ် ကြီးကြီးကျယ်ကျယ် မ၀ယ်နေပေါ့ ”
“ယဉ်ခိုင် နဲ့ နူလှိုင် …. နင်တို့ လာဝယ်ပါဟာနှော …. နင်တို့ အားပေးမှ ငါတို့ဆက်နေလို့ ရမှာမို့ပါ။ ကြက်ဥအကွဲ၁၀၀ ဖိုးလောက်နဲ့နင်တို့လို စစ်တွေ သူဌေးသမီးတွေ မွဲမသွားလောက်ပါဘူးဟနှော ”
ဒီလိုနဲ့ ကျောင်းသူကျောင်းသားတော်တော်များများ လာအားပေးကြပါတယ် ။
“ ကြက်ဥ …. ကအသားအရေကို ၀င်းဝါစိုပြေစေတယ်ဟ ….  ယဉ်ခိုင်နဲ့ နူလိုင်တို့ကိုကြည့်ပါ့လား ။ အသားအရည်ဘယ်လောက် လှလာသလဲ …. ” ဥမ္မာဦးကို မြင်လို့ ကျနော်တို့ တမင်စောင်းပြောနေကြ
တာပါ။ “ အေးပေါ့ … မခင်ဆွေသင်း ခင်ဗျားအသားအရည်လည်း နည်းနည်းထူးခြားလာသလားလို့ .. ” “ဟုတ်တယ်ဟ …. ကြက်ဥခွံနဲ့ မျက်နှာပေါ် ပေါင်းတင်ရတယ်လေ …. ကြက်ဥလည်းစားရ … အသားအရည်လည်း လှလာတာပေါ့ လှမိုးရ ” “ အင်း တချို့ အရုပ်ဆိုးအကျည်းတန်ရတာလဲ ကိုယ့်ကိုကိုယ် မပြင်တတ်မဆင်တတ်လို့ဗျ ” ကျနော်ဝင်ထောက်တော့ ဥမ္မာဦး ခမျာ မနေနိုင်မထိုင်နိုင်
“အောင်မာ …. ကြက်ဥအကောင်းတွေ ဈေးထဲမှာပေါလို့ … ပါးရိုက်ဝယ်လို့ရတယ် ”
  “အန်… နင့်ရုပ်ကဘာလုပ်လုပ် လှလာမယ့် ရုပ်မဟုတ်ဖူး နဂိုရှိမှ နဂိုင်းထွက်တာပါဟာ လုပ်မနေနဲ့။ ဂျပုမ နင်ကလည်း အကောင်းကလည်း ကွဲတာပါပဲဟာ … အကွဲကလည်းကောင်းတာပါပဲ …. ဒါဆိုနင့်စကပ်ဘာလို့ ဘေးခွဲထားလဲ ”  ဒီလိုနဲ့ ကျနော်တို့ ၃ယောက်  ကြက်များရဲ့ အကျိုးကျေးဇူးနဲ့ အနေအစားချောင်စွာ အဆင်ပြေချောမွေ့ခဲ့ နေခဲ့တဲ့ ဘ၀လေးကို သူခိုးက တဖန်ပြန်လည် ၀င်ရောက် မွှေနှောက်ခဲ့ပြန်ပါတယ် ။
  “ လှမိုး …. ညက ငါ့ပုဆိုးနဲ့ အင်ကျီတွေ ပျောက်သွားတယ် ”
“အာ …. မင်းကလည်း ပျောက်ပြန်ပလား ”
“အေး …. ပျောက်သွားတယ် ”
“ဟေ့ရောင်တွေ ….. ငါတို့ကို အစောင့်ရအောင်လို့ ဒီမှာထားတာ . .. အကျယ်ကြီးမပြောနဲ့ ”
“ မပြောလို့ ရမလားဟ …. မနေ့ကမှ ငါလျှော်ပြီးလှန်းထားတာ ဒီနေ့ အကုန်ပါသွားပြီ …. ၀တ်စရာ တစ်စုံမှ မကျန်တော့ဘူး ”
“ မင်းတော်တော်ပြဿနာရှာတဲ့ ကောင်ကွာ ၊ ရော့ ငါ ဟာတွေ ယူဝတ်ကွာ ၊ နောက်နေ့ မှ မင်းဟာမင်းပြန်ဝယ် ”
“ အေး …. ပြီးရော ”
 ………………….
“ ဘိုဘို …. ဘိုဘို … ဟေ့ရောင် ထစမ်းထစမ်း …… ငါစက်ဘီး မရှိတော့ဘူး ”
“ အာ ကွာ လှမိုးကလည်း …. တစ်ယောက်ယောက် ငှားသွားလို့ ဖြစ်မှာပေါ့ကွ ….လှမြင့်ထွန်း မေးကြည့်ဦး  ”
“ မေးပြီးပြီ …. သူမစီးဘူး ငှားလည်း မငှားလိုက်ဖူးတဲ့ ”
“ ကောင်းကွာ ….. ငါတို့လို ငမွဲခြံစောင့်တွေရဲ့ အဆောင်ကိုမှ ခိုးမှ ခိုးရက်တဲ့ သူခိုးရယ် …. ”
“ ငါတို့ … ဘယ်လိုလုပ်ကြမလဲ …. ” လှမြင့်ထွန်း က ပြောတော့
“ ဘယ်လိုမှ မလုပ်ဖူး ဟေ့ရောင် …… သူခိုးဆို ဘယ်တော့ မှ မဖမ်းတော့ဘူးလို့ ဆုံးဖြတ်ထားတာ ”
“ အေးပေါ့ မင်းက မင်းပစ္စည်းမှ မပါသေးပဲ နေနိုင်တာပေါ့ ”
“ မင်းတို့ ကကိုပေါ့ပေါ့ ဆဆထားတာကို ခိုးတာတောင်နည်းသေး ”
“ အဲဒီလို မပြောနဲ့မင်းကအောက်ထပ်မှာနေတာ ငါတို့က အပေါ်ထပ်မှာ … သူခိုးဝင်ခိုးရင် မင်းနဲ့ကနီးနီးလေး မင်းနိုးရမှာ ”
“ အေးကွာ …. ငါတို့ လည်းဘယ်ဘ၀က ၀ဋ်ကြွေးလည်းမသိပါဘူး။ငါသေချာ စောင့်ကြည့်ပါမယ်ကွာ ”
………………………..
ညတစ်ညတွင် ….. ၀တ္ထုစာအုပ် တစ်အုပ်ဖတ်ရင်း မိုးလင်းခါနီး နာရီက ၄နာရီ တီးသွားပေပြီ ။ စာဖတ်အပြီး ဘယ်ညာလူးလိမ့် အိပ်ခါ မှ ဗိုက်ကနာလာပါတော့တယ် ….. ။ အိမ်သာသည် ကျနော်တို့အဆောင်နှင့်တော်တော်လေးဝေးတော့ အပြေးသွားရင်း အိမ်သာတံခါး မပိတ်ပဲ ဒီအတိုင်းပဲ ဇိမ်နှင့်ထိုင်လိုက်မိပါတော့တယ် ။လ ကလည်းသာနေတော့ အိမ်သာအတွင်းကနေ လရောင်ကိုခံစားနေရင် ….. အဆောင်တံခါးရှေ့မှာ တရွေ့ရွေ့တိုးသွားတဲ့ မည်းမည်းရိပ်သဏ္ဍန်နှစ်ခု
ကြောင့် ကြက်သီးတွေ တဖြန်းဖြန်းထပြီး ကြောက်တဲ့စိတ်နဲ့ ငြိမ်ကုတ်နေမိတယ် ။ရသလောက် ဘုရားစာလည်းရွတ်ရင်းနဲ့ မသိမသာချောင်းကြည့်မိတယ် ….. ။မည်းမည်း အရိပ်နှစ်ခုက ပထမ …. တံခါးကို တွန်းဖွင့် ၀င်လိုက်တယ်။ အာ ဟုတ်ပြီ ….. သရဲတော့ မဖြစ်နိုင်တော့ဘူး။သရဲဆိုရင် … တံခါးဖွင့်ပြီး ၀င်မှာမဟုတ်ဖူး ။သူခိုးပဲနေမှာပါ ….စိတ်ကိုပြန်တင်းရတယ် ။ သူခိုးဆိုရင်လည်း အခုနေငါတစ်ယောက်ထဲ ထွက်အော်ရင် … သူတို့ မှာပါတဲ့ ဓားတွေ ဘာတွေနဲ့ ထိုးသွားရင် အခက်။
အမှောင်ထဲ မှာ ပြန်ပြီးငြိမ်ကုပ်နေမိတယ် ။ကိုယ့်အသက်ရှုသံတောင် သူတို့ကြားသွားမှာ ကြောက်နေမိတယ် ။အဲ …. ခဏနေတော့ ကျွန်တော် အ၀တ်အစားထုတ်တွေပိုက်ပြီး …. ကျွန်တော့်စားပွဲပေါ်က ကက်ဆက်အနီလေး တစ်ယောက်ကဆွဲ ထွက်လာပါလေရောဗျို့ ။ ကက်ဆက် …. ကက်ဆက် …. ကျတော့် ကက်ဆက်လေး …. ဘယ်လိုလုပ်ရမလဲ …..ကြေက်စိတ်ကို ထိုးဖောက်ပြီး …… ။ ရွာကိုလွမ်းတော့လည်း ဒီကက်ဆက်လေးနဲ့အမေကိုလွမ်းတော့လည်း ဒီကက်ဆက်လေး ဘာမသိညာမသိလွမ်းရတော့လည်း ဒီကက်ဆက်လေး ။သုံးနှစ်သုံးမိုး ကျနော်စိတ်ကို ဖျော်ဖြေပေးခဲ့တဲ့ဒီကက်ဆက်လေး …. GTI တက်စ အမေက နာရီနဲ့ ကက်ဆက် နင်တစ်ခုခုတော့ရွေး ငါဘာဝယ်ပေးခဲ့ရမလဲ တဲ့ ကျနော်ရွေးချယ်ခဲ့တဲ့ ဒီကက်ဆက်လေး ……..
အတွေး အဆုံးမှာ ပြုန်းဆိုထ
“ သူခိုးဗျို့ …. သူခိုး သူခိုး …… ” အဆောင်က ဟိုနှစ်ကောင်ပါ မက ဆည်မြောင်းဝန်းတစ်ခုလုံး
ကျနော့် အသံကိုကြားခဲ့ကြပါတယ် ။ သူခိုးပြေးလမ်းကြောင်းကို ပိတ်ဖမ်းထားတဲ့ ကျောင်းသားတွေက အ၀တ်ထုတ်နဲ့အတူ ကျနော်တို့ဆီကို လျှောက်လာကြတယ် ။
“ ရော့ …. ခင်ဗျားတို့ ပစ္စည်းတွေ ဒီမှာဗျ …… သူခိုးက ကောင်မလေးဗျ …. သူ့မောင်လေး တစ်ယောက်ပါတယ် ပြောတယ် အဲ ကောင်လေးကို ဆည်မြောင်း ဓမ္မာရုံ မှာ မိထားတယ် ”
“ ပြစမ်းပါဦးဗျ ….. မိန်းကလေးသူခိုး ” ဆိုပြီး လှမြင့်ထွန်းက ဆွဲကြည့်လိုက်တော့ မှ ……
ကောင်မလေး က အဖြူအစိမ်းဝတ် ကျောင်းသူလေးတစ်ယောက် ဖြစ်နေတယ် ။မေးစမ်းကြည့်တော့ ၈ တန်းကျောင်းသူလေး ၊ သူမောင်လေးက (၅)တန်းတဲ့ …. ကျနော်ကက်ဆက် အနီလေးက သူမောင်လေးဆီပါသွားပါပြီ ။ ကဲဗျာ ….. ကျနော်တို့ ဘယ်လို ဆုံးဖြတ်ရမတုန်း ။ လှမိုး …. လှမြင့်ထွန်း ….. ။ မင်းတို့အင်္ကျီ၊ မင်းတို့ စက်ဘီး လိုချင်သေးသလား ။ ငါ့ ကက်ဆက်လေးရော ငါပြန်မရတော့ ကော ဘာအရေးလည်းကွာ ။အားလုံးထားလိုက်ပါတော့ ထားလိုက်ကြပါတော့ဗျာ ။ ပျက်ယွင်းနေတဲ့ လူမှုဘ၀တွေကို ကျနော်တို့ ဘယ်လိုတည့်မတ်ပြုပြင်ကြရမလဲ ။
“ ကျနော်တို့ က ကျောင်းသားတွေပါဗျာ ….. ဘာမှနားမလည်ပါဘူး ။ ခင်ဗျားတို့ ကြည့်လုပ်လိုက်ကြပါတော့ ၊ ဒါပေမယ့် ….. ဒီကက်ဆက်လေးတော့ သူတို့ မောင်နှမ ကိုပေးဖြစ်အောင်ပေးလိုက်ကြပါဗျာ ”

နောက်နေ့ မနက်ကျ ကျောင်းမှာရော ၊ ဆည်မြောင်းဝန်းတစ်ခုလုံးမှာ သူခိုးဖမ်းပေးတဲ့ သူကြီး အဖြစ်နာမည်ကျော်သွားတာပေါ့ ။
“ ဟေ့ရောင် ….. မင်းဘယ်လိုစောင့်ဖမ်းလိုက်သလဲ ….. ”
“တော်စမ်းပါ လှမြင့်ထွန်းရာ နောက်ပြီး မင်းလျှောက်ဖွဦးမယ် ”
“ဒီ သူခိုးဖမ်းပွဲတွေက ငါတို့ အတွက် အရသာခံပြောဖို့ ကောင်းလို့လား ”
“ မဟုတ်ပါဘူးကွ ….. သိချင်တာက …. အဲဒီအချိန်မှာ မင်း … ဖင်ရေဆေး မိခဲ့သလားလို့ မေးမလို့ပါ ”
အေး ဟုတ်တာပေါ့ကွာ မင်းပြောသလို လူတွေက  သူများဘ၀ အညစ်အကြေးတွေသာ မြိန်ရေယှက်ရေ ပြောနေကြတာ ။ ကိုယ့်အညစ်အကြေးတွေကြ ရေဆေးမိခဲ့ကြသလား ။
“ ဟီးဟီး …. အဲဒါ သေချာ မမှတ်မိဘူးကွ ”
“ လဒ ….. ”

Bo Han
………………………….
အဲဒီနှစ်ပွဲဖမ်းပြီး ကျွန်တော်တို့ဟာ သူခိုးမဖမ်းတော့ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ကာ ……..
နောက်ပိုင်းမှာ ကျွန်တော်တို့ ကိုယ်တိုင် သူခိုးဖြစ်သွားလို့ပါပဲ ။ကဲ ခင်ဗျား ဆက်နားထောင်ချင်သေးလား?
(သူခိုးဖမ်းခြင်း ကြက်ဥ ရောင်ခြင်းအား အမှတ်တရ အော်တိုရေးပေးခဲ့ကြသော သူငယ်ချင်းများအား အမှတ်တရ ။)
 
;