မုသားများဖြင့် သုတ်လိမ်းထားသော စောင်းကြိုးကို တီးခတ်အံ့သောငှာ
ကြေးစားစောင်းသမားသည် လက်သံ စမ်းကြည့်၏ ။
ပိုးကြိုးနှစ်ကျစ်ထားသော စောင်းကြိုးမှ ကလိမ်ကကျစ်
တေးတစ်စလျှောကျလာခဲ့၏။
မာယာနှင့်ဖုံးအုပ်၍ သစ္စါရုပ်ဆင်ထားလင့်ကစား ညှိထားသောအသံ
မမှန်မကန်ထွက်လာသည်ကို နားဆင်နေကြသော ပရိသတ်သည်
မျက်တောင်မျှ မခတ်၊ရင်မျှလည်းမသပ် ၊ လျှပ်ပေါ်လော်လီသည့်
တေးကို ငေးနေကြကုန်၏ ။
ဇာတ်ခုံ၏ ရှေ့တန်းဆီမှ မုဒိတာသံ မထွက်သော လက်ခုပ်သံအနည်းငယ်
ထွက်၍လာ၏ ။ “ရှက်ဖွယ်တကား ..... ရှက်ဖွယ်တကား ” ဟုနားထဲ၌
ကြားယောင်နေသော ပရိသတ်ကား မနေတတ် မထိုင်တတ် ဖြစ်ဘိ၏ ။
ထိုနောက်မြို့ဝန်မင်း၏ ဆုငွေထုပ်ကို ဒူးတုပ်လက်ခံသော
စောင်းသမားသည် ပရိသတ်အား ပြစားတီးခတ်ပြလေရာ မကြာမီ
ထောင်းခနဲ စောင်းကြိုး ပြတ်လေသတည်း ။
ပရိသတ်အား လှည့်စားအံ့ငှာ အနုပညာမာယာသုံးက
လူမုန်းများ ဟူ၏ ။
တင်မိုး
၂၀.၇.၉၈
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment