Thursday, September 20, 2012

ညကအိပ်မက်ထဲ ခင်ဗျာနဲ့ကျွန်တော်ဟာ တစ်ရွာထဲမှာ

အဝေးပြေးလမ်းမကြီးတွေကို ခင်ဗျားမောင်းနေတယ်
ခင်ဗျား ဟာ တစ်လှမ်းခြင်း ... တစ်လှမ်းခြင်း .... ၀င့်ဝင့်ကြွားကြွား စင်ပေါ်သို့

မျက်နှာ မမြင်လိုက်ရပေမဲ့ ကျွန်တော့်လက်ခုပ်သံ အများနည်းတူခင်ဗျား ကြားနိုင်ပါတယ် ။

အဝေးပြေးလမ်းမကြီးတွေကို ခင်ဗျားမောင်းနေတယ်
အခုချိန်ထိ အမာရွတ်ပွတ်သတ်နေတဲ့ ခင်ဗျားစိတ်ကို ကျွန်တော်နှလုံးသားနဲ့ရိုကျိုး

ကျွန်တော်တို့ ပခုံးရိုးဟာ ခင်ဗျားအတွက်ဆို မာရေကျောရေနိုင်ခဲ့ပါတယ် ။

အဝေးပြေးလမ်းမကြီးတွေကို ခင်ဗျားမောင်းနေတယ်
မြင်ကွင်းမှာ မဗေဒါ တစ်ပင်တည်း မဟုတ်တော့ကြောင်း

အဲဒီ ပါဖော့မင့် ရှိုးဟာ သူ့ဖိနပ် ကိုယ်နင်း ကိုယ့်ဖိနပ်သူနင်း ဆက်လက်အသံလွှင့်နေပါတယ် ။

အဝေးပြေးလမ်းမကြီးတွေကို ခင်ဗျားမောင်းနေတယ်

ရိုးပြတ်နင်နေတဲ့ ကျွန်တော်တို့ ပါးစပ်မှာ “ ဒီမိုကရေစီ ” တဲ့

ရွာလမ်းဟာ ဆိုင်ဘုတ်တွေတိုးလာတာကလွဲလို့ လက်ရေးလက်သားက ခင်ဗျားလက်ရေးမဟုတ်သလိုလို ။

အဝေးပြေးလမ်းမကြီးတွေကို ခင်ဗျားမောင်းနေတယ်
ကျွန်တော်က ခင်ဗျားသင်ရိုးညွှန်းတန်းမှာ .... က ..... ခ ..... ဂ ..... (အဲ ... ဂ ... မရောက်သေးဘူး )
ခင်ဗျား ကျွန်တော့်ရွာလေးဆီ ဘယ်တော့ပြန်ရောက်မလဲ ဖုန်းဆက်ပါ ။

အဝေးပြေးလမ်းမကြီးတွေကို ခင်ဗျားမောင်းနေတယ်
မောင်သိန်းဇော် ကဗျာတစ်ပုဒ်ထဲကလို
“ မရောက်သေးရင် ရောက်အောင်သွား ....... အဲဒီမှာဘာမှ မရှိဘူး ”
ဆိုတာမျိုးလည်း ခင်ဗျားရွတ်ဆိုနိုင်ပါတယ် ။

အဝေးပြေးလမ်းမကြီးတွေကို ခင်ဗျားမောင်းနေတယ်
ခင်ဗျား ချိုးလိုက်တဲ့ အကွေ့မှာ ကျွန်တော့်ရွာလေးဆီသို့ ပြန်ရောက်နိုင်ပါစေကြောင်း ။

Bo Han

0 comments:

Post a Comment

;